ရွှေနှင့်ဓါတ်သတ္တု တနိုင်တပိုင်လုပ်ကွက်လျှောက်ထားမှုများကို ပြန်လည်လျှောက်ထားရန် ညွှန်ကြား

ရွှေနှင့်ဓါတ်သတ္တု တနိုင်တပိုင်လုပ်ကွက်လျှောက်ထားမှုများကို ပြန်လည်လျှောက်ထားရန် ညွှန်ကြား

မန္တလေး၊ ဖေဖော်ဝါရီ ၈ ။            ။ မန္တလေးတိုင်းဒေသကြီးအတွင်း ရွှေနှင့်ဓါတ်သတ္တု အသေးစားထုတ်လုပ်ခြင်းနှင့် လက်လုပ်လက်စား (တနိုင် တပိုင်)လုပ်ကိုင်ခွင့်များ လျှောက်ထားကြရာတွင် အများစုမှာ သတ်မှတ်စည်းကမ်းချက်များဖြင့် မပြည့်စုံခြင်း ကြောင့် ပြန်လည်လျှောက်ထားကြရန် အကြောင်းပြန်ကြားထားသည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ဖေဖော်ဝါရီလ ၈ ရက်က မဇ္ဈိမကို ပြောသည်။

 "အဓိကကတော့ ကိုယ့်တိုင်းဒေသကြီးမှာ လုပ်ပိုင်ခွင့်ရှိတဲ့ ဧရိယာထဲမှာရှိတဲ့ လျှောက်လွှာတွေ ကြည့်လိုက် တော့ တချို့က ဖောင်ပြည့်စုံမှုလိုတာပေါ့။အဲဒီတော့ အကြောင်းပြန်ပြီးမှ ပြည့်စုံအောင် လျှောက်ထားရမယ်ဆိုပြီး ပြောလိုက်တယ်။"ဟု ဦးမျိုးသစ်ကပြောသည်။

လုပ်ကိုင်ခွင့်လျှောက်လွှာများကို ဇန်နဝါရီ ၁၄ ရက်ကစတင်ကာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနက လက်ခံခဲ့ပြီး လတ်တလောတွင် လျှောက်လွှာ ၁၄ဝကျော်ကို လက်ခံ ရရှိထားပြီး ထိုအထဲမှ လျှောက်လွှာ ၁၀၀ ကျော်မှာ သတ်မှတ်စည်းကမ်းချက်များနှင့်မကိုက်ညီ၍ ပြန်လည် လျှောက်ထားရန် လျှောက်ထားထားသူ အသီးသီးထံသို့ ပြန်လည်အကြောင်းပြန်ပေးထားခြင်းဖြစ်သည်။

"လျှောက်တာ ၁၄၄ဦးရှိတယ်။အဲဒါကို စိစစ်လိုက်တယ်။အခုက ရွှေလုပ်ကွက်ကြီး မဟုတ်သေးဘူး။သတ္တု တစ်၊သတ္တု နှစ်။သတ္တု တစ်၊နှစ်ဆိုတာ အများကြီးပဲ။အဲဒီထဲကမှ ခွဲခြားလိုက်တော့ တစ်ချို့က ပြည်ထောင်စု လုပ်ကွက် ဧရိယာထဲရောက်နေတယ်။တစ်ချို့က တိုင်းဒေသကြီးထဲမှာ တစ်ချို့က ပြည်ထောင်စုလည်း မဟုတ်ဘူး။ တိုင်းဒေသကြီးလည်းမဟုတ်ဘူး။ပြင်ပရောက်နေတယ်။"ဟုပြောသည်။

 ပြည်ထောင်စုလုပ်ကွက်များတွင်ရှိသည့် လုပ်ကွက်လျှောက်ထားသူများကို ပြည်ထောင်စုုအစိုးရအဖွဲ့ထံ ပြန်လည်လျှောက်ထားရန် အကြောင်းပြန်ပေးထားပြီး ပြန်လည်လျှောက်ထားလာမှုများကို အမြန်ဆုံး စိစစ်မှုများပြုလုပ်၍ လုပ်ကွက်များ ချထားပေးနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 လျှောက်ထားသူအများစု၏ မပြည့်စုံသည့် အချက်အလက်များတွင် ကတိဝန်ခံချက်မပါရှိခြင်းနှင့်ငွေကြေး မည်မျှဖြင့် လုပ်မည့် အကြောင်းအရာများ ထည့်သွင်းမထားသည်များကိုလည်း စိစစ်တွေ့ရှိရပြီး သတ်မှတ် လိုအပ်ချက်များ ပြန်လည်ဖြည့်သွင်းကာ လျှောက်ထားရန်အတွက် အကြောင်းကြားစာပေးပို့ထားကြောင်း တယ်လီဖုန်းဖြင့်လည်း ဆက်သွယ်အကြောင်းကြားမှုများကို မန္တလေးတိုင်းဒေသကြီး လုပ်ကွက်စိစစ်ချထား ပေးရေးအဖွဲ့ကပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly