AAC အဖွဲ့မှ ကိုရဲမင်းအား နေထိုင်ခွင့်လွန်၍ ဖမ်းဆီးခြင်းဟု ထုတ်ပြန်

AAC အဖွဲ့မှ ကိုရဲမင်းအား နေထိုင်ခွင့်လွန်၍ ဖမ်းဆီးခြင်းဟု ထုတ်ပြန်
Photo-Ye Min facebook

ဖေဖော်ဝါရီ ၈ ။              ။ ထိုင်းရောက် မြန်မာလုပ်သားများအရေး ဆောင်ရွက်နေသော AAC အဖွဲ့မှ ကိုရဲမင်းအား နေထိုင်မှုသက်တမ်း လွန်နေသောကြောင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးမှ ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေဖြင့် ဖမ်းဆီးခံရသည့်အချိန်မှ စတင်ပြီး အကူညီများပေးနေကြောင်း၊ အမှုကိစ္စ ပြီးပြတ်ပါက မြန်မာနိုင်ငံဘက်သို့ နယ်စပ်မှတဆင့်  လွှဲပြောင်းပေးနိုင်ရန် ဆောင်ရွက်လျှက်ရှိသည်ဟု မြန်မာသံရုံးဘက်မှ ပြောဆိုထားသည်။

ထိုင်းနိုင်ငံအခြေစိုက်မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့(Aid Alliance  Committee for Myanmar- AAC) မှ  သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုရဲမင်းအား  ထိုင်းလဝက အဖမ်းခံရခြင်းမှာ မြန်မာသံရုံး၏ အကြောင်းကြားမှုဟု ပြောဆိုနေခြင်းမှာ မဟုတ်မှန်ကြောင်း၊ AAC ဖေ့ဘွတ်ခ်စာမျက်နှာမှ အထောက်အထားမဲ့ စွပ်စွဲပြောဆိုနေခြင်းဖြစ်ကြောင်း မြန်မာသံရုံးဘက်မှ ဆိုသည်။ 

AAC ဘက်မှမူ ကိုရဲမင်း ထိန်းသိမ်းခံထားရသည်မှာ ၄ လနီးပါးရှိနေပြီး မြန်မာသံရုံးမှအကူအညီ ထိထိရောက်ရောက်မရရှိကြောင်း ပြောဆိုထားသည်။ 

လက်ရှိအချိန်တွင် ကိုရဲမင်းကို ထိုင်းနိုင်ငံ၊ ဖစ်ပူရီတရားရုံး၌ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၈၃၊ ၉၁၊ ၁၁၄၊ ၁၄၈ ဖြင့် လည်းကောင်း၊ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၄ ဖြင့် လည်းကောင်း၊ စမွတ်စခွန်တရားရုံး တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၈၃၊ ၉၁၊ ၃၄၁၊ ၃၄၃ တို့ဖြင့် လည်းကောင်း၊ စမုပကန်တရားရုံးတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၈ ဖြင့် လည်းကောင်း ထိုင်းနိုင်ငံတွင် တရားစွဲဆိုခံထားခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံတွင်လည်း ရန်ကုန်မြို့၊သင်္ကန်းကျွန်းမြို့နယ်နှင့် မြဝတီမြို့တို့တွင်လည်း အမှုစွဲဆိုထားမှုများရှိသည် ဟု ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာ တွင် ဖော်ပြပါရှိသည်။ 

ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာလခန့်က AAC သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုရဲမင်းအား ထိုင်းဘက်မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

AAC အဖွဲ့မှ ထိုင်းရောက်မြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး အမှုအခင်းများ၊ လုပ်ခလစာများရရှိရေး၊ MoU လုပ်သားများအရေး အဓိက ဆောင်ရွက်ပေးနေသည်။
 

Mizzima Weekly