သွိုင်းရွိုက်ရောဂါအကြောင်း သိကောင်းစရာ - အပိုင်း ( ၁ )

By မျိုးသန့်(မဇ္စျိမ)
08 February 2019
သွိုင်းရွိုက်ရောဂါအကြောင်း သိကောင်းစရာ - အပိုင်း ( ၁ )

မင်္ဂလာပါ မဇ္ဈိမ ပရိသတ်များခင်ဗျား   4R Health Talk အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျာ။ ကျွန်တော်တို့ ဒီနေ့ဆွေးနွေးသွားမှာကတော့ အထူးသဖြင့်  သွိုင်းရွိုက် ဟော်မုန်း ရောဂါနဲ့ ပတ်သက်ပြီးတော့ အဲဒီရောဂါဌာနရဲ့ ပါမောက္ခဌာနမူး ဖြစ်တဲ့ ဆရာမ ဒေါ်ခင်စောသန်းနဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာတော့ ကျွန်တော်တို့ကို အပတ်စဉ် ကူညီပေးနေတဲ့ Mr. Ravindra Jain လည်းပါဝင်ဆွေးနွေးမှာ ဖြစ်ပါတယ်။ ခု သူကပဲ စတင် မိတ်ဆက်မှာဖြစ်ပါတယ်။

Mr. Ravindra Jain ။   ။   4R health Talk အစီအစဉ်ဟာ တစ်နှစ်ခွဲလောက်ရှိပါပြီ။ ကျွန်တော်တို့ အပတ်စဉ်တင်ဆက်ပေးနေတာ ဒီနေရာမှာ သွိုင်းရွိုက်ရောဂါနဲ့ ပတ်သက်ပြီးတော့ ပထမဦးဆုံးပဲ ဖြစ်ပါတယ်။ ဒီသွိုင်းရွိုက်ရောဂါဟာ ဆိုရင် ကမ္ဘာ့တစ်ဝန်း အဖြစ်များလာတယ်၊ ပြီးလို့ရှိရင် မြန်မာနိုင်ငံအပါအဝင်ပေါ့လေ ကမ္ဘာတစ်ဝန်းမှာ အဖြစ်များလာတယ်ဆိုတဲ့အခါကျတော့ သွိုင်းရွိုက်ရောဂါနဲ့ပတ်သက်ပြီးတော့ ဒီနေ့ အထူးပြုဆွေးနွေးသွားမှာဖြစ်တယ် ။

မေး။ ။ ဆရာမကြီးခင်ဗျ၊ ကျွန်တော်တို့ ပထမဦးဆုံးမေးချင်တာကတော့ ဆရာမတို့ ဆီးချိုနဲ့ ဟော်မုန်းရောဂါဌာနပေါ့နော် ရန်ကုန်ဆေးရုံကြီးကနေ ဆရာမက ပါမောက္ခဌာနမူးဖြစ်တဲ့အခါကျတော့ ဒီဌာနအနေနဲ့ ဘာတွေ လုပ်နေတာလဲ ဆိုတာလေး ပထမဆုံးမေးပါရစေခင်ဗျား။

ဖြေ။ ။ ကျွန်မကတော့ ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဆီးချိုသွေးချိုနဲ့ ဟော်မုန်းရောဂါ ကုသရေးဌာနရဲ့ ပါမောက္ခဌာနမူး ပါမောက္ခခင်စောသန်းဖြစ်ပါတယ်၊ ကျွန်မတို့ ရန်ကုန်ဆေးရုံကြီးမှာဆိုရင် ၁၉၉၁ ခုနှစ် လောက်ကတည်းက ဆီးချိုနဲ့ ပတ်သက်တဲ့ ပြင်ပလူနာဌာနကို စတင်ဖွင့်လှစ်ခဲ့ပါတယ် ။ နောက် ဟော်မုန်းရောဂါကုသရေးကိုလည်း ကျွန်မတို့က ကြားထဲမှာ ပြင်ပလူနာဌာနဖွင့်ပေးမယ်လို့ ကျွန်မတို့ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ခဲ့ဘူး၊ ဒါပေမယ့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က စပြီးတော့ ကျွန်မတို့ရဲ့ ဆီးချိုသွေးချိုနဲ့ ဟော်မုန်းရောဂါ ကုသရေးဌာနကို တရားဝင် ဖွင့်လှစ် လိုက်ပြီးတဲ့နောက်မှာ ဆိုတော့ ကျွန်မတို့တွေက လူအင်အားလည်း ပိုများလာတယ်၊ အဲဒီအခါကျလို့ ရှိရင် ဒီ ဖန်ရှင်တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်တယ်။ ကျွန်မတို့လိုမျိုးပဲ ဆေးတက္ကသိုလ် ( ၂ ) ရန်ကုန်မှာလည်း ဆီးချိုသွေးချိုးနဲ့ ဟော်မုန်းရောဂါ ကုသရေးဌာနရှိတယ်၊ သူတို့က ကျွန်မတို့ထက် ပိုပြီး စောပြီး ဖွင့်လှစ်ခဲ့ပါတယ်။ မန္တလေးမှာလည်း ကျွန်မတို့နဲ့ မရှေးမနှောင်းမှာပဲ ဆီးချိုနဲ့ဟော်မုန်း ရောဂါကုသရေးဌာန မန္တလေးမှာလည်း တစ်ခုရှိပါတယ်၊ နောက် တပ်မတော် ဆေးဘက်မှာလည်း ရှိတယ်ပေါ့နော်။ အဲ့ဒီတော့ ကျွန်မတို့ဌာနက ဆေးတက္ကသိုလ်( ၁ ) ရန်ကုန်နဲ့ တွဲဖက်ထားပြီး ဒီဆေးတက္ကသိုလ်( ၁ ) ရန်ကုန်ရဲ့   အထူးပြုသင်ကြားရေးဌာနတစ်ခုလည်းဖြစ်တယ်။ အဲ့ဒီတော့ သင်ကြားရေးတာဝန်တွေ အပြင်ကိုတော့ ကျွန်မတို့ ကုသရေးဖက်မှာဆိုလို့ရှိရင် အမျိုးအစား ၁၊ အမျိုးအစား ၂၊ ဆီးချိုလူနာတွေကို   ဟော်မုန်းရောဂါ တွေကိုလည်း အတွင်းလူနာအဖြစ်ကုသခြင်း အပြင်ကို၊ အမျိုးအစား ၂ ပြင်ပလူနာဌာန၊ အမျိုးအစား ၁ ပြင်ပလူနာဌာန ပြီးလို့ရှိရင် ကိုယ်ဝန်ဆောင်ဆီးချိုုရောဂါသည်တွေကို ပြုစုစောင့်ရှောက်ပေးခြင်း၊ ဒီဆီးချိုလူနာတွေရဲ့  နှီးနွယ်နေတဲ့ ခြေထောက်ရောဂါ မျက်စိရောဂါ တွေကို ကျွန်မတို့က စောစောစီးစီး ရှာဖွေ တွေ့ရှိဖို့အတွက် ဖော်ထုတ်ပေးတယ်၊ ပြီးလို့ရှိရင် ဟော်မုန်းရောဂါဌာနကိုလည်း သပ်သပ်၊ ပြင်ပလူနာဌာနကိုလည်း တစ်ရက်ကျွန်မတို့သပ်သပ်ဖွင့်လှစ်ပေးတယ်၊ အဲ့ဒါ အပြင်ကို ကျွန်မတို့ အရိုးပွရောဂါပေါ့ အရိုးပွရောဂါဆိုလည်း ကျွန်မတို့တွေက တစ်ခြားဌာနတွေနဲ့ နှီးနွယ် နေတယ်။ ဒါပေမယ့် လူတွေက ဒါကို စောစောစီးစီးရှာဖွေ မဖော်ထုတ်တဲ့အတွက်ကြောင့်မို့လို့ အရိုးကျိုးတဲ့ အချိန်ကျမှ ပြန်ပြီး ကုသမှုကို ရတယ်၊ အဲ့ဒီလို မဖြစ်အောင် ကျွန်မတို့က အရိုးပွရောဂါတွေကိုလည်း ရှာဖွေပြီးတော့ ကာကွယ်ကုသတဲ့ လုပ်ငန်းတွေ လုပ်နေတယ်။ နောက် ဆီးချိုတွေ ကုသတဲ့လုပ်ငန်းတွေကို ကျွန်မတို့က ကျန်းမာရေးဝန်ထမ်းတွေကို ပညာပေးတဲ့ လုပ်ငန်းတွေ၊ နယ်တွေလှည့်ပြီးတော့ ကျွန်မတို့က ပြည်သူလူထုကို ဆီးချိုနဲ့ပတ်သက်တဲ့ အသိပညာပေးတဲ့ လုပ်ငန်းတွေ၊ ရောဂါရှာဖွေပေးတဲ့ဟာတွေ ဒီလုပ်ငန်းတွေအားလုံးကို ကျွန်မတို့ ဆောင်ရွက်နေပါတယ်။

မေး။ ။ ဟုတ်ကဲ့ပါ ကျေးဇူးပါ ဆရာမကြီး၊ ကျွန်တော်တို့ အရှေ့ပိုင်းမှာ ပြောခဲ့သလိုပေါ့နော်။ ဒီ သွိုင်းရွိုက်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့လည်း ကြားဖူးရုံပဲရှိတာပေါ့နော်၊ အဲ့ဒီတော့ သွိုင်းရွိုက်ဆိုတာ ဘယ်လိုဖြစ်တာလဲပေါ့ ၊ ရောဂါလက္ခဏာတွေက ဘယ်လိုလဲ၊ ဘယ်လိုအခြေအနေမှာ ဖြစ်တာလဲဗျ။

ဖြေ။ ။   ပြောရမယ်ဆိုရင် ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဒီဟော်မုန်းကို ထုတ်ပေးတဲ့ ဂလင်း လေးတွေ ရှိပါတယ်။ ဥပမာ ဆိုလို့ရှိရင် ဦးခေါင်းအတွင်းမှာ ဆိုလို့ရှိရင် pituitary ခေါ်တဲ့ gland လေးရှိတယ်၊ နောက်ပြီးလို့ရှိရင် ကျွန်မတို့ရဲ့ လည်ပင်းအသံအိုးရဲ့ အရှေ့ဖက်မှာဆိုရင်တော့ သွိုင်းရွိုက်ခေါ်တဲ့ ဂလင်း ရှိတယ်၊ အဲ့ဒီ သွိုင်းရွိုက်ထဲမှာမှ parathyroid  ခေါ်တဲ့ ဒီအရိုးနဲ့ပတ်သက်တဲ့ ကယ်လ်စီယံဓာတ်တွေကို ထိန်းသိမ်းပေးနေတဲ့ ပါရာသွိုင်းရွိုက်ဆိုတဲ့ ဂလင်းလေး ( ၄ )လုံးရှိတယ် ၊ နောက် ဝမ်းဗိုက်အတွင်းမှာ သွားကြည့်လိုက်မယ် ဆိုလို့ရှိရင် ကျွန်မတို့က မုန့်ချိုအိတ် လို့ခေါ်တဲ့ ဟာသည် အစာချေဖျက်မှုကို လုပ်ပေးတဲ့အပြင်ကို ကျွန်မတို့ ဒီဆီးချိုနဲ့ပတ်သက်တဲ့ အင်ဆူလင်် ဟော်မုန်း စတဲ့ ဟော်မုန်းတွေကို ထုတ်ပေးတယ် ။ အဲ့ဒါအပြင်ကို ဒီကျောက်ကပ်လေးရဲ့ နှစ်ဖက်ရဲ့ အပေါ်ဖက်မှာ ဆိုလို့ရှိရင် adrenal gland ဆိုရင် ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ရဲ့ နေ့စဉ် အသက်ရှင်နေထိုင်ဖို့အတွက် အရေးကြီးတဲ့ အခြေအနေမျိုးမှာ stress တွေ အားလုံးကို ရင်ဆိုင်နိုင်ဖို့ အတွက်ကို သူက မရှိမဖြစ်အရေးကြီးတဲ့ adrenal gland ဖြစ်တယ်။ အဲ့ဒါအပြင်ကို အမျိုးသမီးတွေမှာဆိုလို့ရှိရင် မမျိုးပွားအင်္ဂါတွေ၊ အမျိုးသားတွေမှာဆိုလို့ရှိရင် ကျားမျိုးပွားအင်္ဂါတွေ ဒါတွေအားလုံးဟာလည်း ဒီဟော်မုန်းတွေကို ထုတ်နေတဲ့ အတွက် သူတို့သည် ကျွန်မတို့ရဲ့   ဟော်မုန်းရောဂါစနစ်ထဲမှာ သူတို့က ပါဝင်နေတယ် ။ အဲဒီထဲမှာမှ ကျွန်မက ဒီနှစ်ကတော့ ကျွန်မတို့ရဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဟော်မုန်းဌာနမှာ လာတယ်ဆိုလို့ရှိရင်လည်း ဒီဆီးချိုရောဂါ ပြီးပြီဆိုလို့ရှိရင် သွိုင်းရွိုက်ရောအများဆုံးပဲ၊ ကျွန်မတို့ ဟော်မုန်းရောဂါဌာနအပြင် သူတို့တွေက နား၊ နှာခေါင်း၊ လည်ချောင်းတွေ သွားကုနေတာရှိတယ် အနုမြူရောင်ခြည် ဌာနမှာ သွားကုနေတာ ရှိတယ် ဆိုတော့ စောစောက Mr. Ravindra Jain ပြောခဲ့သလိုပဲ သွိုင်းရွိုက်ဆိုတာ   အဖြစ် အများဆုံးရောဂါတစ်ခုပဲ ဖြစ်တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ တစ်ချို့လူနာတွေကလည်း ရောဂါလက္ခဏာတွေ သေချာမသိတဲ့အခါကျတော့ ကျွန်မတို့ဆီ လာတယ် ၊ တစ်ခါတစ်လေ နောက်ကျတယ် ဒါကြောင့်မို့လို့ ကျွန်မကလည်း ဒီရောဂါတွေ အကြောင်းကို ပြောပြ လိုခြင်းဖြစ်ပါတယ်၊ လည်ပင်းရှေ့မှာ အသံအိုးရှေ့မှာရှိတဲ့ သွိုင်းရွိုက်ဂလင်းကနေပြီးတော့ ထုတ်နေတဲ့ သွိုင်းရွိုက်ဟော်မုန်းက ဆိုရင် ကျွန်မတို့ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေပေါ့နော် သူတို့ရဲ့ လုပ်ငန်းဆောင်တာ လုပ်နေမှု လိုအပ်တဲ့ ခွန်အားဓာတ်တွေ အနွေးဓာတ်တွေကို သူက ပံ့ပိုးပေးနေတယ်။ နောက်ပြီး ကျွန်မတို့ရဲ့ ဦးနှောက်၊ ကြွက်သား၊ နှလုံး ဒါတွေက တိကျမှန်ကန်တဲ့ သူ့ရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေကို လုပ်နိုင်အောင် သူက ကွန်ထရိုးလုပ်နိုင်တဲ့ နေရာမှာ အရမ်းအရေးကြီးတဲ့ ဟောမုန်း ဖြစ်တယ်။  သူက ထုတ်မယ့် ဟော်မုန်းတွေ နည်းတာပဲဖြစ်ဖြစ် များတာပဲဖြစ်ဖြစ် ဖြစ်သွားပြီဆိုလို့ရှိရင် အဲဒီလို hyperthyroidism  ခေါ်တဲ့ သွိုင်းရွိုက်ဟော်မုန်း များတဲ့ရောဂါ hypothyroidism  ခေါ်တဲ့ သွိုင်းရွိုက်ဟော်မုန်း နည်းတဲ့ရောဂါ။ ဒါတွေဖြစ်လာပြီဆိုလို့ရှိရင်တော့ ဒါတွေက ကျွန်မတို့က ဟော်မုန်းရောဂါနဲ့ ဆိုင်တဲ့ ဟော်မုန်းဆေးကုဌာနနဲ့ ဆိုင်တာပေါ့နော်၊ ဒါတွေ ကုသဖို့ လိုတဲ့အတွက် ကျွန်မဒီရောဂါတွေ အကြောင်းကို ဆက်လက်ပြီး တင်ပြသွားမှာဖြစ်ပါတယ်။

မေး။ ။ ဆရာမကြီး ခုနပြောသွားတဲ့အထဲမှာ သွိုင်းရွိုက်ဟော်မုန်းများတာတို့ နည်းတာတို့ပေါ့နော် အဲ့ဒီတော့ များတဲ့အခါကျတော့ ဘယ်အခြေအနေမှ များတာဖြစ်သလဲ ၊ နည်းတဲ့အခါကျတော့ရော ဘယ်အခြေအနေမှာဖြစ်လဲ ၊ အဲဒါဆိုလို့ရှိရင် နည်းရင်ဘာဖြစ်လဲ များရင် ဘာဖြစ်တတ်လဲခင်ဗျား။ 

ဖြေ။ ။ အရင်ဆုံး သွိုင်းရွိုက်ဟော်မုန်းများတဲ့ဟာလေး အရင်တင်ပြပါမယ်။ ဘာလိုလဲဆိုတော့ ဖြစ်တဲ့လက္ခဏာတွေက မတူတဲ့အခါကျတော့ သွိုင်းရွိုက်ဟော်မုန်းများလာပြီဆိုလို့ရှိရင်တော့ သူက ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့ ဇီဝကမ္မဖြစ်စဉ်က ပုံမှန်ထက်ကို သူက အများကြီးဖြစ်တယ်။ အဲ့ဒါကြောင့် သူသွားပြီးတော့ organ တွေ တော်တော်များများမှာပေါ့၊ သွားပြီးတော့ ထိတယ်၊ ထိတဲ့အခါကျ သူက ဘာဖြစ်လာနိုင်လဲဆိုလို့ရှိရင် အစား စားသောက်နေရင် စားလို့သောက်လို့လည်းကောင်းတယ်၊ ပုံမှန်ပဲစားနေတယ် အဲ့ဒီကြားထဲကကို တစ်ဖြေးဖြေးနဲ့ ပိန်လာမယ်၊ ပြီးရင် စိတ်ဂနာမငြိမ်ဖြစ်မယ် ၊ concentrate လုပ်လို့မရဘူး၊ စိတ်တို စိတ်ဆတ်လွယ်မယ်၊ ညဆိုလည်း အိပ်မပျော်ဘူး၊ အဲ့ဒီလိုဖြစ်နေမယ်။ နောက် ချွေးထွက်များတယ်၊ နောက်ပြီးတော့ ခန္ဓာကိုယ်ရဲ့ ပူစပ်ပူလောင်ဖြစ်နေတယ်ပေါ့ ပူတဲ့ဒဏ်ကို မခံနိုင်ဘူး သူက အေးအေးပဲကြိုက်တယ်၊ သူများတွေက ချမ်းနေတဲ့အချိန်မှာ သူကတော့ ပူလောင်နေမယ် အဲ့ဒီလိုတွေဖြစ်မယ်၊ ပြီးရင် လက်ကလေးတွေက ကတုန်ကယင် သူဖြစ်လာမယ်၊ တစ်ခါတစ်လေကျရင် အူတွေက အလုပ် ပိုလုပ်တဲ့အခါကျရင် ဝမ်းသွားတဲ့ အကြိမ်အရေ များလာမယ်၊ အဲ့ဒီတော့ တစ်ခါတစ်လေကျရင်တော့ သူက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဓာတ်ဆားတွေပြောင်းလဲမှု ဖြစ်သွားတဲ့အခါမှာ ဗြုန်းကနဲပဲ ကြွက်သားတွေအားနဲသွားပြီးတော့ မလှုပ်နိုင်တော့ဘူး။ ဒါကတော့ နဲနဲ ရှားတော့ရှားတယ်၊ ဒါပေမယ့် အဲ့ဒီလိုမျိုးလေးတွေ တစ်ခါတစ်လေ ရောက်လာတတ် တယ်ပေါ့။ အဲ့ဒီလို ကြွက်သားတွေ အားနည်းသွားတာရောက်တယ်ဆိုလို့ရှိရင်တော့ သွိုင်းရွိုက်ဟော်မုန်းက များခြင်းကလည်း တစ်ကြောင်းဖြစ်တယ်ဆိုတာလေးကို နဲနဲလေး သတိထားဖို့ လိုတယ်ပေါ့နော်။ တစ်ချို့လူနာတွေကျတော့လည်း စောစောကပြောသလို တစ်ခုထဲချည်းနဲ့ ပြောလို့မရဘူး။ တစ်ချို့လူနာတွေက တစ်ယောက်နဲ့တစ်ယောက်က ဘယ်ရောဂါ လက္ခဏာ များတယ်ဆိုတာက မတူဘူး၊ တစ်ချို့ကျတော့ ဝမ်းသွားတယ် ခဏသွားတယ် ဒါပဲ အဓိကဖြစ်နေတဲ့အခါ ကျန်တဲ့လက္ခဏာတွေ သတိမထားမိဘူး၊ အဲ့ဒီအခါကျတော့ သူက အစာအိမ်မှန်ပြောင်း ကြည့်လိုက် အူမကြီးမှန်ပြောင်း ကြည့်လိုက်နဲ့ အူဖက်ကိုသွားပြီး အာရုံစိုက်နေမိတယ် ပေါ့နော်။ တစ်ချို့တွေကျတော့လည်း နှလုံးက ရင်တုန်တယ် နှလုံးခုန်နှုန်းကမမှန်ဘူး၊ အဲ့ဒီအခါကျ နှလုံးပဲ အာရုံစိုက်ကုတယ်။ ဒါပေမယ့် ဒီဟာတွေ ဖြစ်ရခြင်းအကြောင်းသည် အရင်းခံက သွိုင်းရွိုက်ဟော်မုန်းများလို့ဖြစ်ပါလားဆိုတဲ့ ဟာလေးကို သတိမမူလိုက်ဘူး ဆိုလို့ရှိရင် နဲနဲလေး လွတ်သွားတတ်တာလေးတွေရှိတယ်။ အဲ့ဒါကြောင့် ဒီရောဂါလက္ခဏာလေးတွေ အစုကို သတိထားပြီး ကြည့်ရူမှသာလျှင် တွေ့နိုင်တယ်ပေါ့နော်။ အဲ့ဒီတော့ အဲ့ဒီလို မသိတဲ့အတွက် တစ်ခါတစ်လေကျလို့ရှိရင် ဒီရောဂါကို မကုဘဲ ရောဂါကြီးတစ်ခုလို့ မထင်ဘူးပေါ့နော်၊ သူဟာသူ နည်းနည်းပိန်လာတယ် ချွေးထွက်များတယ် ပူတယ် ၊အဲ့ဒီလိုပဲ နေလိုက်ပြီးတဲ့အခါကျလို့ရှိရင် ကျတော့ အဲ့ဒီအချိန်မှာ stress တစ်ခုနဲ့သာ ရင်ဆိုင်နေရတယ်ဆိုရင်တော့ thyroid crisis ဆိုတဲ့ဟာက အဲ့ဒီအချိန်မှာ သွေးပေါင် နဲ့ နှလုံးခုန်နှုန်းက အရမ်းမြန်လာမယ်၊ အဖျားတွေတက်လာမယ် လူက အရမ်းဂနာမငြိမ်ဖြစ်မယ်၊ ကယောင်ကယမ်းတွေ လျှောက်ပြောမယ်၊ ပြီးလို့ရှိရင် သတိလွတ်သွားတယ် thyroid crisis ဆိုတဲ့ ဟာမျိုးဖြစ်ပြီးတော့လည်း ရောက်လာတတ်တာရှိတယ်၊ အဲ့ဒါမျိုးတွေကတော့ အသက်အန္တရာယ်ကိုလည်း ဒုက္ခပေးနိုင်တယ် ၊ ဆိုတော့ စောစောက ဖြစ်တတ်တဲ့ ရောဂါလက္ခဏာအစုတွေ တွေ့ပြီဆိုလို့ရှိရင်တော့ အဲ့ဒါ သွိုင်းရွိုက်လက္ခဏာများနေပါလား ဆိုတာ ပြည်သူလူထုကို သိသွားဖို့အတွက် အသိပညာလေးပေးချင်ပါတယ်။  ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly