မြန်မာပြည် . . မြောက်ဖျား - ၄

မြန်မာပြည် . . မြောက်ဖျား - ၄

ကျွန်တော်တို့ ပူတာအိုမှာ နှစ်ည တစ်ရက်ခွဲနေခဲ့တဲ့အချိန်တွေကိုတော့ မနားတမ်း လေ့လာသင့်တဲ့နေရာများကို လေ့လာခဲ့ပါတယ် ။ ကျွန်တော် သိခဲ့ရသလောက် ပူတာအိုမှာရှိတဲ့ တိုင်းရင်းသားတွေကို မေးခွန်းတွေ မေးတဲ့ အထဲက မေးခွန်းတစ်ခုရဲ့အဖြေက စိတ်ဝင်စားဖို့ ကောင်းပါတယ် ။ မေးခွန်းက လက်ရှိနိုင်ငံရေးကို ဘယ်လိုမြင် သလဲ ဘာတွေလုပ်စေချင်သလဲ ဆိုတာပါပဲ ။ သူတို့တွေ ပြန်ပြောတာကတော့ သူတို့ဟာနိုင်ငံရေးကို အသေး စိတ်မသိကြောင်း ၊စစ်ဖြစ်နေတာတွေကို ရပ်ပစ်သင့်ကြောင်း ၊ စစ်ကြောင့် ဒုက္ခရာက်နေတဲ့ တိုင်းရင်းသားတွေ ကို စာနာဖို့လိုကြောင်း၊ စစ်ဘေးရှောင်စခန်းကို သွားကြည့်စေချင်ကြောင်း ပြောတော့ ကျွန်တော်တို့လည်း မေး မြန်းပြီး ပူတာအိုက စစ်ဘေးရှောင်စခန်းကို သွားရောက်ဖြစ်ပါတော့တယ် ။

စစ်ဘေးရှောင်စခန်းဟာ ပူတာအိုမြို့နယ် လုံးစွတ်ရပ်ကွက် ကချင်နှစ်ချင်း အသင်းတော်မှာ ဖြစ်ပါတယ် ။ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ မချမ်းဘော့မြို့နယ်၊ ခါးကာရွာ၊ အင်ဖြီးကာရွာ၊ ပကမ်းယာန်ရွာတွေ၊ နောက် ခူလန်ဖူးမြို့နယ်ကရွာတွေ စုစုပေါင်း ရွာ ၅ ရွာက ဖြစ်ကြပြီး၊အိမ်ထောင်စု ၆၀ လူဦးရေ ၂၈၅ လောက်ရှိပါတယ် ။ သူတို့ဟာ မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားတာကြောင့်  အဲဒီရွာတွေက ထွက်ပြေးလာကြတဲ့သူတွေပဲ ဖြစ်ပါတယ် ။ အဲဒီစစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင်နေတဲ့ ကလေးတွေကို စာသင်ပေးနေတဲ့ ဆရာနဲ့ရော ၊ စခန်းတာဝန်ခံ နဲ့ရော ၊ စစ်ဘေးရှောင်ဒုက္ခသည်တစ်ချို့နဲ့ရော ကလေးတွေနဲ့ပါ ရင်းရင်းနှီးနှီး စကားပြောဖြစ်ခဲ့ပါတယ် ။ ကလေးတွေချည်းပဲ ၁၀၀ နီးပါးရှိကြောင်း၊ အဲဒီထဲ ကမှ ကျောင်းနေအရွယ် ကလေးက ၈၀ ကျော်ရှိကြောင်း၊ ကလေးတွေကတော့ စစ်ဘေးရှောင်စခန်းနဲ့ နီးတဲ့ ကျောင်းတွေမှာတက်ကြတယ် ။ ကျန်တဲ့ကလေးတွေကတော့ မူကြိုကလေးတွေနဲ့ နို့တိုက်ကလေး အရွယ်တွေ  ပဲဖြစ်ပါတယ် ။

သူတို့ရွာတွေအနီးမှာ တိုက်ပွဲတွေဖြစ်တယ် ၊ ရွာထဲကလူတွေကိုစစ်သားတွေက ခေါ်ပြီးမေးကြတာတွေရှိတယ်၊ ခြိမ်းခြောက်တာတွေရှိတယ်၊ သူတို့က ကြောက်ကြတယ်၊ တိုက်ပွဲတွေကလည်း ခဏခဏဖြစ်ကြတယ်  ၊ သူတို့ တောင်ယာအလုပ်လည်း ကောင်းကောင်းလုပ် လို့မရဘူးဆိုတော့ နောက်ဆုံးသူတို့( စစ်ဘေးရှောင်ဒုက္ခသည် တွေ ) ဟာ သူတို့ရဲ့ရွာတွေကနေ ထွက်ပြေးလာကြတော့တာပဲဖြစ်ပါတယ် ။၂၀၁၃ ခုနှစ်မှာ တစ်သုတ်၊ ၂၀၁၅ ခုနှစ်မှာ တစ်သုတ် ဒီကိုရောက်လာကာ စုပြီးနေကြပါတယ် ။ ခု ၂၀၁၈ ရောက်လာတော့လည်း သူတို့ရဲ့ရွာတွေ ကို မပြန်ရသေးဘဲ စစ်ပွဲတွေဖြစ်နေတုန်းလို့ပြောပါတယ် ။ စစ်ဘေးရှောင်တွေဟာ သူတို့နေထိုင်ရာ အိုးအိမ်တွေ အပြင်၊  သူတို့မွေးမြူထားတဲ့ ကျွဲတွေ၊ နွားတွေ၊ ဝက်တွေ၊ ကြက်တွေနဲ့ တောင်ယာ စိုက်ခင်း တွေကို ပစ်ပြီး တိုက်ပွဲတွေကြားထဲ ကနေ လွတ်ရာ ကျွတ်ရာ ပူတာအိုမြို့ပေါ်ကို ထွက်ပြေးလာကြပြီး ဘုရားကျောင်းမှာ လာခို လှုံကြတာပဲဖြစ်ပါ တယ် ။တဲတန်းလျားကြီးကို အခန်းသေးသေးလေးတွေ ပြုလုပ်ပြီး မိသားစုအလိုက် ပြွတ်သိပ် ပြီး နေထိုင်ကြတာကိုတွေ့ရပါတယ်။ နေထိုင်ရတာတင် ဒုက္ခရောက်ကြတာမဟုတ်ဘဲ စားရေးသောက်ရေး အစစအရာရာ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေကြရတာကို တွေ့ရပါတယ် ။  

ဒုက္ခသည်ကလေးတွေကို စာသင်ပေးနေတဲ့ကျောင်းဆရာပြောတာကတော့ အစိုးရက စားနပ်ရိက္ခာထောက်ပံ့ တာမရှိပါဘူး၊ တစ်ခါတစ်လေ လူကြီးခရီးစဉ်ရှိတဲ့အခါမျိုးဆိုရင်တော့ ဆန်အိတ် (၂၀) လောက်ပေးပါတယ်၊  တစ်ချို့အလှူရှင်တွေလှူတဲ့အခါကျတော့လည်း ဟိုသတင်းပို့ရ ၊ ဒီသတင်းပို့ရနဲ့ ဒုက္ခတော်တော်လေးရောက် ပါတယ်တဲ့ ။ ဒုက္ခသည်တွေရဲ့ ကျန်းမာရေးကိုတော့ အသင်းတော်ကပေးတဲ့ ဆေးဝါးတွေနဲ့ပဲ မာမကျန်းဖြစ်တဲ့ သူတွေကို ကုသပေးရကြောင်း၊ ဒုက္ခသည်စခန်းက အလုပ်လုပ်နိုင်တဲ့ ကလေး လူကြီးတွေဟာ ကြုံရာကျဘမ်း အလုပ်တွေကို လုပ်ရင်း အသက် ဆက်နေကြရတယ်တဲ့။ အကြီးမားဆုံးအခက် အခဲကတော့ စားနပ်ရိက္ခာ မလုံ လောက်တာဘဲ ဆိုတဲ့အကြောင်း၊ အရင်တုံးကတော့ UNHCR က ဆန်ထောက်ပ့ံ ပေးတော့ နဲနဲတော့ အခက် အခဲရှိကြောင်း၊ ယခု ဆန်မထောက်ပ့ံတော့ဘဲ ငွေကြေးသာထောက်ပ့ံတော့တဲ့အတွက် စားဝတ်နေရေး အတော် လေးခက်ခဲနေကြောင်း၊ အလုပ် လုပ်နိုင်တဲ့ယောက်ကျားတွေကတော့ နေ့စားအလုပ်ရှိတဲ့အခါ နေ့စားလုပ်တယ်။ အမျိုးသမီးတွေကတော့ ဒေသထွက် ၀ါးနဲ့ပတ်သက်တဲ့ လက်မှုပစ္စည်းလေးတွေလုပ်ရင်း အခက်အခဲတွေကို ဖြေရှင်းနေရတာတွေ့ရပါတယ် ။

နိုင်ငံတော်မှာ တာဝန်ရှိတဲ့သူတွေကို စကားပြောခွင့်ရရင် ဘာများပြောချင်သလဲဆိုတော့ သူက စစ်ပွဲတွေ ရပ်စေ ချင်ကြောင်း၊ စစ်ပွဲမရှိဘဲ လွတ်လွတ်လပ်လပ်နေချင်ကြောင်း၊ တောင်းဆိုချင်တာတွေကတော့ ရေမီးအဆင် မပြေကြောင်း၊ ခုလောလောဆယ် ရေအခက်အခဲရှိကြောင်း၊ အိမ်သာမလုံလောက်လို့ အခက်အခဲရှိလို့ ဖြေရှင်း ပေးစေချင်ကြောင်း၊ နောက်ဆုံးပြောရမယ်ဆိုရင် ကျွန်တော်တို့စစ်ဘေးရှောင် ဒုက္ခသည်တွေကို နေစရာတစ်ခု ဖန်တီးပေးဘို့ တောင်းဆိုချင်ပါတယ်လို့ပြောပါတယ် ။ ဒီက ကလေးတွေဟာ ပညာရေးပိုင်းမှာရော ကိုယ်ကျင့် တရားပိုင်းမှာပါ ပျက်လာကြတယ်၊ ဒီမှာက အိမ်စုတွေအများကြီးနဲ့ ကလေးတွေရောပြီး အမြဲတမ်း နေ နေရ တယ်၊မကောင်းတဲ့ အကျင့်တွေ ကူးစက်တယ်၊ ပြုပြင်ရခက်လာတယ်၊ ဆုံးမရတာလည်း ခက်ခဲလာတယ် ။ တစ်ချို့က စာမသင်ချင်တော့ဘူး၊ စာမကျက်ချင်ဘူး၊ကျောင်းလည်းမတက်ချင်တော့ဘူးဖြစ်လာတယ်။စိတ်ဓာတ် တွေပျက်လာတာကြောင့် ကလေးတွေအတွက်စိုးရိမ်ရတယ် ဒါကြောင့်အိမ်ထောင်တစ်စုချင်းအလိုက်လွတ်လွတ် လပ်လပ် နေခွင့်ရချင်တယ်၊ အစိုးရကနေ နေရာအသစ်တစ်ခု လုပ်ပေးစေချင်တယ် . . လို့ပြောပါတယ် ။ ကိုယ့်ရွာ ကိုယ့်ဒေသကို မပြန်ချင်ဘူးလားးဆိုတော့ . . မပြန်ချင်ကြောင်း၊ ပြန်လို့လည်းမရကြောင်း၊ စစ်တပ် (တပ်မတော်) က သူတို့ရွာတွေမှာ တပ်စွဲထားကြောင်း၊ သင့်တော်တဲ့နေရာတစ်ခုသာ ဖန်တီးပေးစေချင်တယ် . .လို့ပြောပါတယ် ။

ကျွန်တော်တို့လည်း စစ်ဘေးရှောင် ဒုက္ခသည်တွေပြောတာတွေကို မေးမြန်း နားထောင်ပေးခဲ့တာကလွဲလို့ စခန်းမှာရှိတဲ့ ကလေးတွေကိုပဲ စားစရာမုန့်တွေ ဝယ်ကျွေးလို့ ဘာမှ လုပ်မပေးနိုင်ခဲ့ပါဘူး။ မြန်မာနိုင်ငံမှာလည်း စစ်ဘေးရှောင်စခန်းတွေ များများလာတာကိုပဲ တွေ့နေ၊ ကြားနေရပြီး ကျွန်တော်ရောက်ခဲ့တဲ့ စခန်းကတော့ ပူတာအိုမြို့ပေါ်မှာ ဖြစ်နေလို့ လက်နက်ကြီးတွေ၊ သေနတ်ကျည်ဆံတွေ ရောက်မလာ၊ ကျမလာတာကိုဘဲ ကျွန်တော် သက်ပြင်း ချမိပါတော့တယ် ။    ။

သန့်ဇော် ( သန်လျင် )

Mizzima Weekly