ငါ့မြို့ကသာတယ်၊ ငါ့မြို့ကကြီးတယ် ၊ ငါ့မြို့ကသေးတယ်လို့ ပြောစရာမလိုဟု မန်းတိုင်းဝန်ကြီးချုပ်ဆို

ငါ့မြို့ကသာတယ်၊ ငါ့မြို့ကကြီးတယ် ၊ ငါ့မြို့ကသေးတယ်လို့ ပြောစရာမလိုဟု မန်းတိုင်းဝန်ကြီးချုပ်ဆို

မန္တလေး၊ ဖေဖော်ဝါရီ ၈ ။           ။ ငါ့မြို့ကသာတယ်၊ ငါ့မြို့ကကြီးတယ်။ငါ့မြို့ကသေးတယ်လို့ ပြောစရာမလိုဘဲ နိုင်ငံ့အကျိုး၊ နိုင်ငံ့လိုအပ်ချက်နှင့် ပြည်ထောင်စုကြီး၏ လိုအပ်ချက် ကို ကြည့်ရန် လိုအပ်ကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က ပြောကြားလိုက်သည်။

ဖေဖော်ဝါရီလ ၈ ရက်၊နံနက် ၉ နာရီက ပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် သုံးနှစ်မြောက် အခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

"သူကသာတယ်။ငါကသာတယ်။ငါ့မြို့ကသာတယ်။ငါ့မြို့ကကြီးတယ်။ငါ့မြို့ကသေးတယ်။ ဘတ်ဂျက် ကွာဟ မှုတွေ ဘာမှပြောစရာမလိုဘူး။နိုင်ငံ့အကျိုးကဘာလဲ နိုင်င့ံလိုအပ်ချက်ကဘာလဲ ပြည်ထောင်စုကြီး ဘာတွေ လိုအပ်နေလည်း တစ်နိုင်ငံလုံးအရေးကို ကြည့်ရပါမယ်။ နိုင်ငံရေးဆိုတာ တစ်နိုင်ငံလုံးကို ခြုံကြည့်ပြီး လုပ်ရပါတယ်။" ဟု ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

ထို့အပြင် NLD သည် အောင်မြင်မှုအတွက် ကိရိယာတစ်ခုမဟုတ်ဘဲ တိုင်းပြည်တည်ဆောက်ဖို့ လိုအပ်သည့် ကိရိယာသာဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဆက်လက်ပြောကြားခဲ့သည်။

"အခုဆိုရင် ပိုလို့အရေးကြီးလာပါတယ်။ဒီမိုကရေစီခရီး သက်တမ်းတစ်လျှောက်မှာ အစိုးရဟာ ငါးနှစ်ပဲ သက်တမ်းရှိပါတယ်။အပြောင်းအလဲရှိပါတယ်။ဒါပေမယ့် မဲဆန္ဒရှင်ပြည်သူက အချိန်ပြည့် ရှိနေတယ်။ တစ်သက်လုံးရှိနေပါမယ်။အဲဒီ မဲဆန္ဒရှင်တွေရဲ့ လိုအပ်ချက် ဆန္ဒကို ဖြည့်ဆည်းပေးဖို့က ဘယ်သူတွေမှာ တာဝန်ရှိလည်းဆိုရင် ဒီမဏ္ဍိုင်ကြီး သုံးရပ်ပေါ့။ဥပဒေပြုရေးရော။အုပ်ချုပ်ရေးရော တရားစီရင်ရေး ဘက်ရော ပါမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာဖြစ်နေတဲ့ တရားဥပဒေစိုးမိုးရေး တည်ငြိမ်းအေးချမ်းရေးအတွက်သူတို့မှာ တာဝန်ရှိတယ်။ကျွန်တော်တို့ ညီညီညာညာ လက်တွဲဆောင်ရွက်ရမယ့် အချိန်ဖြစ်ပါ တယ်။"ဟု ဒေါက်တာ ဇော်မြင့်မောင်ကပြောသည်။

NLD ပါတီအနေဖြင့် ယခင်က ချမှတ်ထားသည့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်ရေး၊ တိုင်းရင်းသား အခွင့်ရေး ၊ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးမူဝါဒများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ညီညီညွှတ်ညွှတ်လုပ်ဆောင်ရန်လိုအပ်ကြောင်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ထူထောင်မည်ဟု ပြည်သူကိုကတိပေးထားသည့် အချက်ပေါ်မူတည်ပြီး ဆုံးဖြတ်ဆောင်ရွက်သွားကြရန်လည်း လွှတ်တော်ကိုယ်စားလှယ်များကို ဒေါက်တာဇော်မြင့်မောင်က တိုက်တွန်းခဲ့သည်။

"၂၀၂ဝအတွက် ပြင်ရပါမယ်။ညီညွှတ်ရပါမယ်။ကွဲပြားလို့ မဖြစ်ပါဘူး။အခုကျွန်တော်တို့မှာ ကွဲပြားခြားနားမှုတွေ ရှိနေပါတယ်။ဒီမိုကရေစီမှာ ကွဲပြားခြားနားမှု ရှိနေပေမယ့် ပထမဆုံး တစ်အချက်ကတော့ ဒီမိုကရေစီတန်းဝင်ဖို့ ပီသရပါမယ်။နိုင်ငံရေးအပေါ် သစ္စာရှိရပါမယ်။ ပါတီပေါ်မှာ သစ္စာရှိရမယ်။နိုင်ငံပေါ်မှာ သစ္စာရှိရပါမယ်။ ကိုယ့် ယုံကြည်ချက်ကို ဖောက်ထည့်လို့ မရပါဘူး။"ဟုဒေါက်တာဇော်မြင့်မောင်က ဆက်ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရရှိရန်နှင့် NLD ပါတီအားကောင်းမောင်းသန်ဖြစ်စေရန်မှာ ပြည်သူကို ကိုယ်စားပြု ထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များတွင် တာဝန်ရှိကြောင်း နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ရည်မှန်း၍ အလုပ်လုပ်ကြရန်လည်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

မကြာသေးခင်လပိုင်းအတွင်းက ရန်ကုန်သည် အဝိုင်းပုံမြို့ကြီးတစ်ခုဖြစ်ပြီး မန္တလေးသည် နယ်မြို့လေး ပုံစံအတိုင်းသာ ရှိနေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆွေးနွေးပွဲတစ်ခုတွင် ပြောဆိုခဲ့ဖူးပြီး ထိုသို့ပြောဆိုမှုများကြောင့် ဦးဖြိုးမင်းသိန်းအပေါ် ဝေဖန်မှုတချို့လည်း ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly