မဲဆောက်နယ်စပ်ကုန်သွယ်ရေး ၁၂ ရာခိုင်နှုန်းကျော် တိုးတက်၊ ဘတ်ငွေ ဘီလီယံ ၆၀ ကျော်ရရှိ

မဲဆောက်နယ်စပ်ကုန်သွယ်ရေး ၁၂ ရာခိုင်နှုန်းကျော် တိုးတက်၊ ဘတ်ငွေ ဘီလီယံ ၆၀ ကျော်ရရှိ
မြဝတီမြို့ ကုန်သွယ်ရေးဇုန်။ (ဓာတ်ပုံ-မဇ္ဈိမ)

ထိုင်းနှင့် မြန်မာနိုင်ငံကြား မဲဆောက်-မြဝတီဂိတ်မှ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုသည် ယခုနှစ်ဘဏ္ဍာနှစ်တွင် ဘတ်ငွေ ၆၀ ဘီလီယံကျော် ရရှိခဲ့ရာ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ကထက် ၁၂ ဒသမ ၃၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း အကြီးတန်း အကောက်ခွန်အရာရှိတစ်ဦးက အောက်တိုဘာ ၁ ရက်က ပြောသည်။

ထိုင်းနိုင်ငံ တက်ပြည်နယ် မဲဆောက်အကောက်ခွန် စစ်ဆေးရေးအကြီးအကဲ ကစ်တီဆူသီဆမ်ဖန်းက မဲဆောက်-မြဝတီ-ကော့ကရိတ်လမ်းပိုင်းဖွင့်လှစ်ခြင်းနှင့် ဒီဇင်ဘာတွင် စတင်တော့မည့် အာဆီယံစီးပွားရေးအသိုက်အဝန်းအတွက် စိုင်းပြင်းထားမှုတစ်ရပ်အဖြစ် ယခုကဲ့သို့ နယ်စပ်ကုန်သွယ်ရေး တိုးတက်လာခဲ့ရခြင်းဖြစ်ကြောင်း ပြောသည်။

စက်တင်ဘာ ၃၀ တွင် အဆုံးသတ်သည့် ၂၀၁၅ ဘဏ္ဍာနှစ်အတွက် နယ်စပ်ကုန်သွယ်ရေးမှ ဘတ်ငွေ ၆၆ ဒသမ ၈ ဘီလီယံရှိခဲ့ကြောင်း မဲဆောက်အကောက်ခွန်ရုံးက နှစ်လည်အစီရင်ခံစာတွင် ဖော်ပြသည်။ ကုန်သွယ်ရေးဝင်ငွေက နောက်ပိုင်း ဆက်လက်တိုးမြင့်လာမည့် အလားအလာများလည်း ရှိသည်။

နယ်စပ်ကုန်သွယ်ရေးမှ ဘတ်ငွေ ဘီလီယံ ၁၀၀-၂၀၀ အထိရှိလာရေး မူဝါဒကိုလည်း ထိုင်းဝန်ကြီးချုပ် ချန်အိုချာက အစောပိုင်းက ကြေညာထားသည်။ စက်တင်ဘာအစောပိုင်းက မဲဆောက်ခရိုင်တွင် အထူးနယ်စပ်စီးပွားရေးဖွံ့ဖြိုးမှုဇုန် စစ်ဆေးရာတွင် ချန်အိုချာက ထိုကဲ့သို့ ပြောထားခဲ့ခြင်းဖြစ်သည်။

မဲဆောက်နယ်စပ်ခရိုင်သည် မြန်မာသို့ အဓိက ဝင်ပေါက်ဖြစ်သလို နှစ်နိုင်ငံကြား ကုန်းလမ်းကုန်သွယ်မှုအများစု လုပ်ဆောင်ရာလည်းဖြစ်သည်။ အရှေ့-အနောက်စီးပွားရေးစြင်္ကတွင်လည်း အဓိကအပိုင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly