ရုပ်သံပြတ်တောက်ခြင်းမှာ ဖိုင်ဘာနက်ဝပ်ခ်လိုင်းနှင့် သက်ဆိုင်ခြင်း မရှိဟု တပ်မတော် ထုတ်ပြန်

ရုပ်သံပြတ်တောက်ခြင်းမှာ ဖိုင်ဘာနက်ဝပ်ခ်လိုင်းနှင့် သက်ဆိုင်ခြင်း မရှိဟု တပ်မတော် ထုတ်ပြန်

ဖေဖော်ဝါရီ ၈ ။             ။ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပမှု တိုက်ရိုက် ထုတ်လွှင့်နေစဉ်  ပြတ်တောက်မှုဖြစ်ပေါ်ခဲ့ခြင်းမှာ Fiber Network လိုင်းနှင့် သက်ဆိုင်ခြင်း မရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်၊ တပ်မတော်သားတစ်ဦးက အရေးကြီးအဆိုတင်သွင်းခြင်းအပေါ် ဆွေးနွေးနေ စဉ်  အချိန် ၅ မိနစ်ခန့် MRTV  မှ ထုတ်လွှင့်မှုပြတ်တောက်သွားကာ တေးသီချင်းများ ထုတ်လွှင့်ခဲ့ခြင်းအပေါ် ယင်းသို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

ထိုသို့ပြတ်တောက်မှုနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် ကြေးမုံနှင့်မြန်မာ့အလင်းသတင်းစာ၊ ပြန်ကြားရေး၏ MOI Webportal တို့တွင် Fiber Network လိုင်းကျ၍ ပြတ်တောက်မှု ဖြစ်ခြင်းဟု ဖော်ပြခဲ့ခြင်း ဖြစ်သည်။ 

ဖြစ်စဉ်နှင့်ပတ်သက်၍ လွှတ်တော်နှင့်မြန်မာ့အသံအကြား ဆက်သွယ်ထားသော Fiber Network လိုင်းအား အဆိုပါနေ့တွင် နံနက် ၈ နာရီမှစတင်ပြီး စစ်ဆေးပြုပြင်မှုများအား MRTV (တပ်ကုန်း)နှင့် စစ်ဆေးရေးအဖွဲ့တို့ ဆောင်ရွက်နေခဲ့ပြီး ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြင်ဆင်ပြီးစီးခဲ့ကြောင်း၊ စစ်ဆေးပြုပြင်နေစဉ် Fiber Network လိုင်းအား အသုံးပြုနိုင်ခြင်း မရှိသဖြင့်  MRTV မှ နံနက် ၁၀ နာရီနောက်ပိုင်းထုတ်လွှင့်မှုအားလုံးသည် အခြားနည်းလမ်းဖြင့်သာ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း  တွေ့ရှိရပါသည်ဟု ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ပါရှိသော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

၁၁ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အာဏာရ NLD က တင်သွင်းသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြင်ဆင်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းရန် အရေးကြီးအဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly