‘မက်ဆီမရှိတော့မယ့် အနာဂတ်အတွက် ဘာစီလိုနာကို ကြိုတင်ပြင်ဆင်နေတယ်’ - ဥက္ကဋ္ဌ ဘာတိုမူ

‘မက်ဆီမရှိတော့မယ့် အနာဂတ်အတွက် ဘာစီလိုနာကို ကြိုတင်ပြင်ဆင်နေတယ်’ - ဥက္ကဋ္ဌ ဘာတိုမူ
Photos: EPA

ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ ဂျိုးဆက် မာရီယာ ဘာတိုမူက ကလပ်အသင်းရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေဟာ မက်ဆီခေတ်ကုန်ဆုံးမယ့်နောက်ပိုင်း အနာဂတ်အတွက် ရည်ရွယ်ကာ ကြိုတင်ပြင်ဆင်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့က ဘာကာအသင်းဟာ အေဂျက်အသင်းမှ ၂၁ နှစ်အရွယ် ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်းကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ဘာစီလိုနာအတွက် ၆၆၄ ပွဲကစားပေးရာ ၅၈၁ ဂိုးထိ သွင်းယူထားပါတယ်။

"တစ်နေ့ မက်ဆီဟာ သူအနားယူတော့မယ်လို့ ပြောသွားမယ်ဆိုတာ ကျနော် သိပါတယ်။"လို့ ဘာတိုမူက BCC Radio 5 live Football Daily Podcast အစီအစဉ်မှာ အားကစားဂျာနယ်လစ်ဖြစ်သူ ဂါရမ်လန်ဘာလာဂေးကို ပြောဆိုခဲ့ပါတယ်။

မက်ဆီဟာ သူရဲ့ လက်ရှိစာချုပ်အရ သက်တမ်း ၂ နှစ်ရှိနေဆဲဖြစ်ပြီး ဘာတိုမူက မက်ဆီရဲ့ ကစားသမားဘဝအနားယူသွားမယ့် အချိန်ဟာ အတိုင်းအတာတစ်ခုထိ ဝေးနေပါသေးတယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း လာလီဂါဖလား ၂၅ ကြိမ်ရ ချန်ပီယံဟာ အောင်မြင်မှုတွေ ဆက်လက်ရယူဖို့ မျိုးဆက်သစ်တစ်ခု တည်ဆောက်ဖို့အတွက် ကစားသမားတွေကို ကလပ်အသင်းဆီ ခေါ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။

"ကျနော်တို့ အနာဂတ်အတွက် ကလပ်အသင်းကို ပြင်ဆင်သွားရမှာပါ။ ကျနော်တို့ ကလပ်အသင်းထံ ကြီးကျယ်တဲ့ လူငယ်ကြွယ်ပွင့် ကစားသမားတွေကို ခေါ်ယူအားဖြည့်နေပါတယ်။ ဘာအတွက်လဲဆိုတော့ ကျနော်တို့ အောင်မြင်မှုတွေ ဆက်လက် ရရှိနေဖို့ လိုအပ်နေတာဖြစ်လို့ပါ။ ဒါဟာ ကျနော်တို့ရဲ့ လုပ်ဆောင်ရမယ့် တာဝန်ဝတ္ထရားပါပဲ။"လို့ ၂၀၂၁ ခုနှစ်မှာ ဥက္ကဋ္ဌရာထူးတာဝန်ပြီးဆုံးတော့မယ့် ဘာတိုမူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

"ကျနော့်ရဲ့ ရာထူးတာဝန်ဟာ လာမယ့် ၂ ရာသီမှာ ပြီးဆုံးတော့မှာပါ။ ဒါ့ကြောင့် ကျနော့်အနေနဲ့ ကလပ်အသင်းကို ကြီးကျယ်ခမ်းနားတဲ့ အနေအထားတစ်ခုမှာ ချန်ထားဖို့ လိုအပ်ပြီး အသင်းရဲ့ ဥက္ကဋ္ဌသစ်ဖြစ်လာမယ့်သူကို ဒါဟာ ကျနော်တို့ရဲ့ အမွေအနှစ်ပဲလို့ ပြောသွားချင်ပါတယ်။"လို့ သူက ပြောပါတယ်။

၂၀၁၇ ခုနှစ်က မက်ဆီဟာ ဘာကာအသင်းနဲ့ စာချုပ်သစ် လက်မှတ်ရေးထားခဲ့ပြီးနောက် အိမ်လိုဖြစ်တဲ့ ဘာစီလိုနာအသင်းမှာ ကျနော့်ရဲ့ ကစားသမားဘဝ အဆုံးသတ်ချိန်ရောက်ဖို့ သူရဲ့အိပ်မက်တွေ နီးကပ်လာပြီလို့ ပြောဆိုခဲ့ဖူးပါတယ်။

သူဟာ ဘာစီလိုနာအသင်းနဲ့ လာလီဂါဖလား ၅ လုံး ဆွတ်ခူးနိုင်ခဲ့သလို ချန်ပီယံလိဂ်ဖလား ၄ လုံးနဲ့ ဘုရင့်ဖလား ၆ လုံး ရရှိခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly