မျှောစာအခက်အခဲကြောင့် မြိတ်တံမြက်စည်း အလုပ်ရုံများ အခက်ကြုံနေ

မျှောစာအခက်အခဲကြောင့် မြိတ်တံမြက်စည်း အလုပ်ရုံများ အခက်ကြုံနေ
သတင်းဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဖေဖော်ဝါရီ ၈ ရက်။         ။ မြိတ်ဒေသ၌ ရာဘာခြံနှင့် ပုံးဆိုးမြေများ အကြား အလေ့အကျ ပေါက်ရောက်နေသည့် ကျူပင်များအား ကုန်ချောအဖြစ် ထုတ်လုပ်ရန် အတွက် အလုပ်ရုံများသို့ သယ်ယူရာလမ်းကြောင်းတစ်လျှောက်တွင် သစ်တောဦးစီးဌာနမှ သစ်တောထွက်ပစ္စည်းဟု ဆိုကာ ဖမ်းဆီးမှုများ ရှိနေကြောင်း သတင်းရရှိသည်။

ကျူပင်များကို ကုန်ချောအဖြစ် မြိတ်မြို့၌ တံမြက်စည်း လုပ်ငန်းများကို ထုတ်လုပ်လုပ်ကိုင်နေခြင်းဖြစ်ပြီး၊ အလုပ်ရုံများနှင့် တစ်ပိုင်တစ်နိုင် လုပ်ကိုင်သူ အများအပြားရှိနေရာ ထိုသို့ ဖမ်းဆီးမှုများကြောင့် အခက်ဖြစ်နေရခြင်း ဖြစ်သည်။

“ကျူပင်က သစ်တောထွက် ပစ္စည်းဖြစ်ပါတယ်။ ထုတ်လုပ် သယ်ယူခွင့်မရှိဘူးဆိုပြီး၊ ကျွန်တော်တို့ ကုန်ကြမ်းနှင့် ကုန်ချောတွေကို သယ်ယူ/ ပို့ဆောင်တဲ့အခါမှာ သစ်တောက ဂိတ်တွေမှာ ပိတ်ဆို့ပြီး၊ စစ်ဆေးဖမ်းဆီးတာ မကြာခဏ ကြုံနေရတယ်”ဟု မြိတ်မြို့ နတ်စင်လမ်းရှိ တံမြက်စည်း အလုပ်ရုံ ပိုင်ရှင် ဦးမင်းဇော်ဟိန်းက မဇ္စျိမသို့ ပြောသည်။

အဆိုပါ ကုန်ချောအဖြစ် ထုတ်လုပ်သည့် တံမြတ်စည်းကုန်ကြမ်း ကျူပင်များမှာ စွန့်ပစ်ပစ္စည်း အပင်တစ်မျိုး ဖြစ်ပြီး၊ နှစ်စဉ် ပွင့်လင်း ရာသီ၌ ရာဘာခြံများနှင့် ဥယျာဉ်ခြံများအတွင်း တောင်သူများ မီးရှို့ဖျက်စီး ခုတ်သတ်နေရသောအပင်များ ဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ကတော့ နိုင်ငံတော်ကို အခွန်လည်း သွင်းနေရပါတယ်၊ တရားဝင်လည်း လုပ်ကိုင်နေရပေမယ့် နိုင်ငံတော်က တာဝန်ရှိ သူတွေ ဒီလုပ်ငန်းကို အားပေးသင့်ပါတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ ပြည်တွင်း/ ပြည်ပသို့ ကုန်ချောအဖြစ် တင်ပို့နေရတဲ့ ဒီလုပ်ငန်းကို ပံ့ပိုးမှုမရှိတဲ့အပြင် သက်ဆိုင်ရာ အောက်ခြေ ဌာနတွေမှ အလုပ်ရုံများထဲအထိ သွားရောက်ပြီး၊ အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီး စစ်ဆေးမှုတွေ ပြုလုပ်ခံနေရတယ်”ဟု ဦးမင်းဇော်ဟိန်းက ဆိုသည်။

မြိတ်ဒေသရှိ ကျေးရွာများတွင် ဒေသခံ ပြည်သူများမှာ ကျူပင်ထွက်သည့် ရာသီ၌ တစ်ပိုင်တနိုင် ကောက်ယူနေသူများဖြစ် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများနေကာ အဆင်ပြေနေကြခြင်းဖြစ်သည်။

“တံမြက်စည်း အလုပ်ရုံတွေက ကျွန်တော်တို့ ဌာနမှာ မျှောစာ လာရောက်လျှောက်သူတွေ မရှိသလောက် နည်းပါးနေပါတယ်၊ တရားဝင် လာရောက် လျှောက်ယူနိုင်ပါတယ်”ဟု မြိတ်မြို့နယ် သစ်တော ဦးစီးဌာနမှ ဦးစီးမှူး ဦးသိန်းထွန်းက ထိုလုပ်ငန်း လုပ်ကိုင်သူများ၏ ဝေဖန်မှုအပေါ် ထိုသို့ တုံ့ပြန်ဖြေကြားခဲ့သည်။

သို့ရာတွင် ၎င်း ကျူပင်များကို သစ်တော ဦးစီးဌာနတွင် သစ်တောထွက်ပစ္စည်းဟု တရားဝင် သတ်မှတ်ထားခြင်းမရှိကြောင်း၊ အမှန်တကယ် မျှောစာများ သွားရောက် ထုတ်ယူရာတွင်လည်း မျှောပေါ်တွင် အခြား သစ်တောထွက်ပစ္စည်းများအဖြစ် ထုတ်ယူခိုင်း နေကြောင်း ထိုလုပ်ငန်းကို လုပ်ကိုင်သူများက ပြောဆိုသည်။

ကျူပင်မှ ထုတ်လုပ်သည့် တံမြက်စည်း ကုန်ချောများကို ဒေသတွင်း၌ အများဆုံး ဖြန့်ချိနေသည့်အပြင် အိမ်နီချင်း နိုင်ငံများ ဖြစ်သော မလေးရှား၊ ထိုင်းနှင့် စင်္ကာပူနိုင်ငံများသို့ တင်ပို့မှုများလည်း ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly