အိုင်အက်စ်တွေကို တိတ်တဆိတ် ပြန်ခေါ်နေကြတာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ သတိပေး

အိုင်အက်စ်တွေကို တိတ်တဆိတ် ပြန်ခေါ်နေကြတာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ သတိပေး

အမူဒါ၊ ဖေဖော်ဝါရီ ၇ ။           ။ သံသယရှိ နိုင်ငံခြားသား ဂျီဟတ်သမားတွေနဲ့ သူတို့ရဲ့ ဆွေမျိုးတွေကို ဆီးရီးယားကနေ ဘယ်လိုပဲ ပြန်ခေါ်ယူမှုမျိုးမဆိုဟာ ပွင့်လင်းမြင်သာမှု ရှိသင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က အေအက်ဖ်ပီကို ပြောပါတယ်။

ဆီးရီးယားအရှေ့မြောက်ပိုင်းက ထိန်းသိမ်းရေးစခန်းတွေမှာ မတူညီတဲ့ နိုင်ငံတွေက ဂျီဟတ်ဝါဒီတွေနဲ့ မိသားစုတွေ ပြည့်နှက်လို့ ရှိနေချိန် HRW က ပြောလာတာပဲ ဖြစ်ပါတယ်။

အိုင်အက်စ်အုပ်စု တစ်ဖြည်းဖြည်း ပြိုလဲနေချိန်မှာ ပြင်သစ်နိုင်ငံဟာ ပြင်သစ်ဂျီဟတ်ဝါဒီတွေကို စွပ်စွဲခံရသူ ဒါဇင်များစွာကို ဆီးရီးယားကနေ ပြန်လည်ခေါ်ယူဖို့ လက်ရှိမှာ စဉ်းစားနေပါတယ်။

အမေရိကန် ကျောထောက်နောက်ခံပြုတဲ့ အိုင်အက်စ်ကို တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေ ထိန်းချုပ်ရာ ထိန်းသိမ်းရေးစင်တာတွေနဲ့ စခန်းတွေမှာ ရှိနေတဲ့ ဂျီဟတ်သမားတွေနဲ့ ၎င်းတို့ရဲ့ ဇနီးသားသမီးတွေကိုပါ ပြန်လည်ခေါ်ယူဖို့ စဉ်းစားနေတာပါ။

“ဒီလိုမျိုး ပြန်လည်ခေါ်ယူမှုတွေ၊ ဂျီဟတ်တွေကို နေရာရွှေ့ပြောင်းမှုတွေမှာ ကျွန်တော်တို့အနေနဲ့ သတ်သတ်မှတ်မှတ် ရှိသင့်တယ်။ အနည်းဆုံးတော့ ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ လုပ်ဆောင်သွားရမယ့် ကိစ္စရပ်ပဲ ဖြစ်တယ်။”လို့ ဆီးရီးယားမြောက်ပိုင်းက အမူဒါမြို့မှာ HRW ရဲ့ အကြမ်းဖက်တန်ပြန်ရေး ညွှန်ကြားရေးမှူး နာဒမ်အော်ရီက ပြောပါတယ်။

“ကျွန်တော်တို့ ခုပြောဆိုနေချိန်မှာပဲ ဂျီဟတ်ဝါဒီတွေကို ရွှေ့ပြောင်းမှုတွေ ရှိထားလောက်ပြီး ဖြစ်လောက်တယ်။ ဒီလို လုပ်ဆောင်နေကြရာမှာလည်း လုံးလုံးကို ပွင့်လင်းမြင်သာမှု မရှိဘဲ လုပ်ဆောင်နေကြတယ်။ ဒါဟာ အဆိုးတွေပဲ ဖြစ်ပေါ်လာလိမ့်မယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။

၂၀၁၄ ခုနှစ်က စတင်ပြီး အိုင်အက်စ်အဖွဲ့ဆီ ပူးပေါင်းတဲ့ နိုင်ငံခြားသား ထောင်ပေါင်းများစွာ ရှိတာကို ခန့်မှန်းရပေမယ့် မကြာသေးခင်နှစ်တွေမှာ အိုင်အက်စ်အုပ်စု ပြိုလဲလာတာနဲ့အတူ ၎င်းတို့ ထူထောင်ခဲ့တဲ့ အစ္စလာမ္မစ်နိုင်ငံတော်ကနေ ပြည်ပဂျီဟတ်ဝါဒီတွေ ပြန်လည်ထွက်ခွာနေကြတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly