တရုတ်ဘုရားကျောင်းတွင် ဝတ်ပြုနေသော အမျိုးသမီးထံမှ ပိုက်ဆံအိတ်နှိုက်ယူခဲ့သူများကိုဖမ်းမိ

တရုတ်ဘုရားကျောင်းတွင် ဝတ်ပြုနေသော အမျိုးသမီးထံမှ ပိုက်ဆံအိတ်နှိုက်ယူခဲ့သူများကိုဖမ်းမိ
ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ ဖေဖော်ဝါရီလ ၇ ။             ။ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ မြို့ပတ်ကမ်းနားလမ်း၊ (၃၂× ၃၃) လမ်းကြားရှိ တရုတ်ဗုဒ္ဓဘုရားရှိခိုးကျောင်းတွင် ဘုရားဝတ်ပြုနေသူအမျိုးသမီးထံမှ ပိုက်ဆံအိတ်နှိုက် ယူခဲ့သော အမျိုးသမီး ၄ ဦးကို လက်ရှိတွင် ဖမ်းဆီးအရေးယူထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖမ်းဆီးထားသူ ၄ ဦးမှာ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်မှ အသက် ၁၉ နှစ်အရွယ် မဇာဇာ၊ အသက် ၅၆ နှစ်အရွယ် ဒေါ်သန်းညွှန့်၊ အသက် ၄၉ နှစ်အရွယ် ဒေါ်နီနီမာနှင့် ချမ်းအေးသာစံမြို့နယ်၊ ကန်သာယာမြို့သစ်မှ အသက် ၁၈ နှစ်အရွယ် ဖြိုးဖြိုးတို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

အမှုဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၅ ရက်နေ့၊  နံနက် ၉ နာရီအချိန်တွင် ခါးပိုက်နှိုက်ခံရသူ အမျိုးသမီးမှာ တရုတ် ဗုဒ္ဓဘုရားရှိခိုးကျောင်းတွင်  မိသားစုနှင့်အတူ ဘုရားရှိခိုးဝတ်ပြုနေစဉ် အမျိုးသမီးတစ်ဦးကအနားသို့ ချဉ်းကပ် လာပြီး ၎င်းကို ဝင်ရောက်တိုက်မိခဲ့ကြောင်း၊ ထို့နောက် ၎င်း၏ ဘေးလွယ်ပိုက်ဆံအိတ်ကြီးအတွင်း စစ်ဆေးခဲ့ရာ မိန်းမကိုင်ခေါက်ပိုက်ဆံအိတ်ဖြင့် ထည့်ထားသော ငွေကျပ် ၃ သိန်း ၂ သောင်းမှာ ပျောက်ဆုံး နေကြာင်း သိရသဖြင့် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုင်းတန်းချက်အရ အမှတ်(၆)နယ်မြေရဲစခန်းတွင် (ပ)၉၃/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၃၇၉(နှိုက်)ဖြင့် အမှုဖွင့် ထားရှိပြီး ရဲတပ်ဖွဲ့မှ အမှုမှတရားခံအား ဖမ်းဆီးရမိရေးအတွက် နယ်မြေအတွင်း လိုက်လံစုံစမ်းခဲ့သည်။

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်များအရ ဖေဖော်ဝါရီလ ၅ ရက်၊ ည ၈ နာရီ ၅ မိနစ်အချိန် ရဲစခန်းတွင် ခါးပိုက် နှိုက်မှုဖြင့် ဖမ်းဆီးထားသော မဇာဇာနှင့် ဖြိုးဖြိုးတို့ ၂ ဦးအား မသင်္ကာသဖြင့် သက်သေများနှင့်အတူ စစ်ဆေး ခဲ့ရာမှ အဆိုပါ ခါးပိုက်နှိုက်မှု ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

၎င်းတို့ ၂ ဦးသည် ဘုရားဝတ်ပြုနေသည့် အမျိုးသမီးထံမှ ငွေကျပ် ၃ သိန်း ၂ သောင်းပါ ပိုက်ဆံအိတ်အား ဒေါ်သန်းညွန့်၊ ဒေါ်နီနီမာ တို့နှင့်အတူ နှိုက်ယူခဲ့ကြောင်း ထပ်မံစစ်ဆေးပေါက်ခဲ့သဖြင့် ရဲတပ်ဖွဲ့မှ ကျန် ၂ ဦးကိုပါဖမ်းဆီးခဲ့ကာ လက်ရှိတွင် မဇာဇာပါ ၄ ဦးကို အမှုဖွင့်အရေးယူထားပြီဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly