ငပုတောတွင် အရေခွံခွာပြီး နှာမောင်းနှင့် နားရွက်အဖြတ်ခံရသော  ဟိုင်းဆင်ထီးအသေတစ်ကောင်တွေ့ရှိ

ငပုတောတွင် အရေခွံခွာပြီး နှာမောင်းနှင့် နားရွက်အဖြတ်ခံရသော  ဟိုင်းဆင်ထီးအသေတစ်ကောင်တွေ့ရှိ
ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ ဖေဖော်ဝါရီလ ၇ ။           ။ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ပုသိမ်-မော်တင်ကားလမ်း၏ အနောက်ဘက် ၃ မိုင်ခန့်အကွာ ဆင်မသစ်တောကြိုးဝိုင်း၊ အကွက်အမှတ် ၇၄ တွင် အရေခွံခွာ၊ နှာမောင်းနှင့် နားရွက်ဖြတ်ခံရသော  ဟိုင်းဆင်ထီးအသေတစ်ကောင်ကို တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ဆင်သေဆုံးမှုနှင့် ပတ်သက်ပြီး လက်ရှိတွင် အမှုဖွင့်ရန် စီစဉ်လျက်ရှိပြီး သေဆုံးနေသော ဆင်မှာ အသက် ၁၈ နှစ်အရွယ် အမြင့် ၆ ပေ ၆ လက်မခန့်ရှိ ဟိုင်းဆင်ရိုင်းထီး တစ်ကောင်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ယင်း ဆင်အသေအား ဖေဖော်ဝါရီလ ၆ ရက်နေ့၊ နံနက် ၁၁ နာရီခန့်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သော ၃ ရက်ခန့်က သေဆုံးနေခြင်းဖြစ်ကာ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ မြို့နယ်သစ်တောဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ၂ဝဝ၉ ခုနှစ်နှင့် ၂ဝ၁ဝခုနှစ် စာရင်းကောက်ယူရေးအဖွဲ့၏ စာရင်းအရ တောဆင် အကောင် ရဝဝ ခန့် ရှိပြီး ဆင်သတ်ဖြတ်ခံရမှုများကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် တွေ့ရလေ့ရှိကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ်တွင် ပုသိမ်ခရိုင်အတွင်း အာရှဆင်များ သတ်ဖြတ်ခံရသည့် အမှု ၁၅ မှု အထိဖြစ်ပွားခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် ဆင်များသတ်ဖြတ်ခံရမှု ၁၃ မှု သာရှိခဲ့သည်။

အာရှဆင်များ သတ်ဖြတ်ခံရမှုတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်း သာပေါင်း၊ ငပုတောနှင့် ပုသိမ်မြို့နယ်များတွင် အများဆုံးဖြစ်ပွားနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly