ဗိုလ်ချုပ်ကြေးရုပ်တုကို ကန့်ကွက်နေသည့် ကရင်နီလူငယ်များအင်အားစုအဖွဲ့၏ သပိတ်စခန်း ဖြိုခွဲခံရ

ဗိုလ်ချုပ်ကြေးရုပ်တုကို ကန့်ကွက်နေသည့် ကရင်နီလူငယ်များအင်အားစုအဖွဲ့၏ သပိတ်စခန်း ဖြိုခွဲခံရ
photo-ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်းဘီထူး

ရန်ကုန် ၊ ဖေဖော်ဝါရီ ၇ ။            ။ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူခြင်းအပေါ် ဆန့်ကျင်ကန့်ကွက်၊ ဆန္ဒဖော်ထုတ်နေသည့် ကရင်နီလူငယ်များ ၏ သပိတ်စခန်းအား ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေပိုင်းတွင် ရဲတပ်ဖွဲ့မှ လာရောက်ဖြိုခွဲခဲ့မှု ဖြစ်ပွားသည်။

“ဦးဆောင်သူ ၄ ယောက်တော့ ပါသွားပြီ။ သူတို့ ဘယ်ပုဒ်မနဲ့ ဆွဲမလဲဆိုတာတော့ မသိသေးဘူး” ဟု ကရင်နီ လူငယ်များအင်အားစုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုဒီးဒီးက မဇ္စျိမသို့ ဖေဖော်ဝါရီ ၇ ရက်နေ့၊ ညနေ ၃ နာရီခွဲတွင် အတည်ပြုပြောဆိုသည်။

လွိုင်ကော်မြို့၊ ကန္တာဟေဝန်ပန်းခြံ၌ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိမည့်ကိစ္စနှင့်ပတ်သက်ပြီး ကရင်နီ လူငယ်များအင်အားစုအဖွဲ့မှ ကယားပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင် ထိုင်သပိတ်ဖွင့်ပြီး ဆန္ဒပြဖော်ထုတ်နေခြင်း ဖြစ်သည်။

ထိုသို့ ကန့်ကွက်မှုများ ရှိနေသော်လည်း ပြည်နယ်အစိုးရအဖွဲ့မှ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲသို့ လာရောက်ခဲ့သည့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ တာဝန်ရှိ သူများနှင့် တွေ့ဆုံဆွေးနွေးရန် ကရင်နီလူငယ်များ အင်အားစုအဖွဲ့မှ ကြိုးစားခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ပေ။

လက်ရှိ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်နေသည့် ကာလအတွင်း၌ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုအား ကယားပြည်နယ်အတွင်း၌ စိုက်ထူခြင်းမပြုသင့်ကြောင်း၊ ပြည်နယ်အတွင်း၌ ဆန္ဒခံယူပြီးမှသာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို စိုက်ထူသင့်ကြောင်း၊ ကရင်နီပြည်လူငယ်အင်အားစုအဖွဲ့က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် သမ္မတဦးဝင်းမြင့်သို့ အိတ်ဖွင့်ပေးစာ ပေးပို့ထားသည်။

ဗိုလ်ချုပ်ကြေးရုပ်တု ထားရှိမည့်ကိစ္စနှင့်ပတ်သက်ပြီး လွိုင်ကော်မြို့တွင် ကန့်ကွက်ဆန္ဒပြခဲ့့ခြင်းကြောင့် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် လူငယ် ၁၂ ဦး တရားစွဲဆိုခံထားရပြီး ကရင်နီသမိုင်းကြောင်းစာများ ဖြန့်ဝေခဲ့ခြင်းကြောင့် လူငယ် ၈ ဦးသည် လွိုင်ကော်၊ ဖရူဆို ၊ဒီမောဆိုး၊ ဖားဆောင်း နှင့် ဘော်လခဲမြို့နယ်တို့တွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) (ဂ) တို့ဖြင့်  တရားစွဲဆိုခံထားရသည်။

ဗိုလ်ချုပ်ရုပ်တု စိုက်ထူခြင်းကို ခန္တီးမြို့တွင်လည်း ကန့်ကွက်မှုများရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၃ ရက် က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗိုလ်ချုပ်အောင်ဆန်းရင်ပြင်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို သင်္ဘော ဆေးလောင်းခံရမှု ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly