အိန္ဒိယ ၄ နိုင်ငံအမျိုးသမီးဖိတ်ခေါ်ဖလားတွင် မြန်မာအမျိုးသမီးအသင်း  ပါဝင်ယှဉ်ပြိုင်မည်

အိန္ဒိယ ၄ နိုင်ငံအမျိုးသမီးဖိတ်ခေါ်ဖလားတွင် မြန်မာအမျိုးသမီးအသင်း  ပါဝင်ယှဉ်ပြိုင်မည်
ဓာတ်ပုံ-MFF

ဖေဖော်ဝါရီ ၆ ။   ။ လာမည့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ အိန္ဒိယနိုင်ငံတွင် လက်ခံကျင်းပမည့်  လေးနိုင်ငံအမျိုးသမီးဖိတ်ခေါ်ဖလားပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်ရန် ဖေဖော်ဝါရီလ ၇ ရက်နေ့၊ နေ့လယ်ပိုင်းတွင် အိန္ဒိယနိုင်ငံသို့ ထွက်ခွာမည် ဖြစ်သည်။ 

အဆိုပါပြိုင်ပွဲကို အိမ်ရှင်အိန္ဒိယ အပါအဝင် မြန်မာ၊အီရန်၊နီပေါအသင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုပတ်လည်ပွဲစဉ်များအပြီးတွင် အုပ်စု ပထမ အသင်းနှင့် ဒုတိယအသင်းတို့သည် ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အဆိုပါ အိန္ဒိယ လေးနိုင်ငံအမျိုးသမီးဖိတ်ခေါ်ဖလား ပြိုင်ပွဲဝင်  မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတွင် အုပ်ချုပ်မှု နည်းပြအဖွဲ့ဝင် (၈) ဦး၊ ကစားသမား (၂၀ ) ဦးတို့ ပါဝင်မည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အဖွင့်ပွဲစဉ်အဖြစ် Kalinga Stadium ၌ ဖေဖော်ဝါရီလ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီတွင် နီပေါအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ဒုတိယပွဲစဉ်အဖြစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ အီရန်အသင်းနှင့် လည်းကောင်း၊ တတိယပွဲစဉ်အဖြစ် အိမ်ရှင် အိန္ဒိယအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် Hero Gold Cup Women’s Football Tournament 2019 ပွဲစဉ်များကို အိမ်ရှင်နိုင်ငံ၏ တရားဝင်ရုပ်သံလိုင်းမှအပ အခြား မည်သည့်ရုပ်သံလိုင်းတွင်မှ ထုတ်လွှင့်ပြသမည် မဟုတ်ကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly