မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ပြည်သူ့ဆန္ဒကိုကျော်လွန်လုပ်ဆောင်ရန် ခက်ခဲမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆို

By မျိုးထွန်းနိုင်
06 February 2019
မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ပြည်သူ့ဆန္ဒကိုကျော်လွန်လုပ်ဆောင်ရန် ခက်ခဲမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆို
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်၊ဖေဖော်ဝါရီ ၆ ။               ။ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ပြည်သူ့ဆန္ဒကိုကျော်လွန်လုပ်ဆောင်ရန် ခက်ခဲမည်ဖြစ်ပြီး အကောင်းဆုံး အဖြေရရှိရန် ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ဖေဖော်ဝါရီလ ၅ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ခရစ်ယာန်ဘာသာရေးဆိုင်ရာအဖွဲ့ ခေါင်း ဆောင်များနှင့် တွေ့ဆုံ၍ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများအားဆွေးနွေးစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ပြည်သူ့ဆန္ဒကိုကျော်လွန်လုပ်ဆောင်ရန် ခက်ခဲမည်ဖြစ်ပါတယ်။ အကောင်းဆုံး အဖြေရရှိရန် ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

အဆိုပါတွေ့ဆုံပွဲတွင် ကချင်ပြည်နယ်ရိုမန်ကက်သလစ်အသင်းတော်က ၎င်းတို့အနေဖြင့် မြစ်ဆုံစီမံကိန်းအား လက်မခံကြောင်း၊ကန့်ကွက်ပါကြောင်းနှင့် လုံးဝရပ်ဆိုင်းပေးရန်တောင်းဆိုပါကြောင်း ပြောကြားရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်သို့ ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ခရစ်ယာန် ဘာသာရေး ဆိုင်ရာအဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ကချင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် တပ်မတော်မှ လုပ်ကိုင် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ငြိမ်းချမ်းရေးအတွက် အပစ်အခတ် ရပ်ဆိုင်းထားပေးမှုအခြေအနေ များအပါအဝင် စစ်ဘေးရှောင်စခန်များမှ ဒေသခံများအနေဖြင့် မိမိတို့၏ နေရပ် အိုးအိမ်များသို့ ပြန်ကာ အေးချမ်းစွာ နေထိုင်နိုင်ကြောင်းတို့ကို ထည့်သွင်းပြောကြားသွားသည်။

“NRPC နှင့်ဖြစ်စေ၊ တပ်မတော် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့်ဖြစ်စေ တစ်ဖွဲ့ချင်းတွေ့ဆုံနိုင်ကြောင်း၊ တည်ငြိမ် အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးရေး ကိုဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပြည်သူအတွက်၊ နိုင်ငံအတွက်၊ ဒေသအတွက်မထိခိုက်အောင်၊ တစ်နိုင်ငံလုံးအတွက် အကျိုး ရှိအောင် ဆင်ခြင်တုံတရား၊ အသိ တရား၊ သတိတရားများဖြင့် ဆောင်ရွက်ကြစေလိုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ကချင်ပြည်နယ်သို့ ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗန်းမော်တပ်နယ်ရှိအရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံမှုများပြုလုပ်ခဲ့သလို မြစ်ကြီးနားမြို့ရှိ ခရစ်ယာန် ဘာသာရေးဆိုင်ရာအဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံမှုများလည်း ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly