ခြေဥပြင်ဆင်ရေး ကော်မတီဖွဲ့ရန် အရေးကြီးအဆိုကို အတည်ပြု၊ မပြု မဲခွဲဆုံးဖြတ်မည်

ခြေဥပြင်ဆင်ရေး ကော်မတီဖွဲ့ရန် အရေးကြီးအဆိုကို အတည်ပြု၊ မပြု မဲခွဲဆုံးဖြတ်မည်

နေပြည်တော်၊ ဖေဖော်ဝါရီ ၅ ။            ။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ် ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ခြေဥပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းရန် အရေးကြီးအဆိုကို အတည်ပြု ၊ မပြု လွှတ်တော်၏ အဆုံးအဖြတ် ရယူရန် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ် မြောက် ပုံမှန်အစည်းအဝေး (ဆဋ္ဌမ)မြောက်နေ့၌ မဲခွဲဆုံးဖြတ်မည် ဖြစ်သည်။

“အထက်ပါ အရေးကြီးကိစ္စရပ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက က ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ် ရယူခြင်းတို့ကို ၆.၂.၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ဆက်လက်ဆောင်ရွက်ရန်”ဟု ပြည်ထောင်စု လွှတ်တော် နာယက က ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

၄င်းအရေးကြီးအဆိုကို ယနေ့ ဖေဖော်ဝါရီလ ၅ ရက်တွင် လွှတ်တော်ကိုယ်စားလှယ် ၃၀ ဦးက ဝင်ရောက် ဆွေးနွေးခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ် များဘက်မှ ထောက်ခံအကြံပြု ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် များက ကန့်ကွက်ဆွေးနွေးခဲ့ကြသည်။

မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်က အဆိုကို ကန့်ကွက်ဆွေးနွေးရာတွင် “ဖွဲ့စည်းပုံ အခြေခံဥပဒေက အများ ပြည်သူနဲ့ သက်ဆိုင်တယ်ဆိုပေမယ့် လောလောဆယ် ပေါ်ပေါက်လာတဲ့ ကိစ္စလား၊ ၂၀၀၈ ခုနှစ်ကတည်းက အတည်ပြုခဲ့တဲ့ ဥပဒေပါ။ အခုဆိုရင် ၁၀ နှစ်ကြာခဲ့ပါပြီ။ ဒါကိုပြင်ဖို့ အလောသုံးဆယ် လုပ်စရာမလိုပါဘူး။ ဒါကြောင့် ဒီကိစ္စအတွက်နဲ့ စပ်လျဉ်းပြီး အရေးကြီးအဆို တင်တာကို လက်မခံပါဘူး”ဟု ပြောသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်တင်သွင်းလာသော အဆိုကို ဥပဒေမူကြမ်းအဖြစ် တင်သွင်းရမည် ဟု ပြဋ္ဌာန်းထားသည့်အတွက် တစ်ဖက်လှည့်ဖြင့် ဥပဒေပြင်ရေး ကော်မတီဖွဲ့ရန်အတွက် အရေးကြီးအဆို တင်ခြင်းသည် အခြေခံဥပဒေနှင့်ဆန့်ကျင်နေကြာင်း ၄င်းက ဆက်လက်ပြောသည်။

အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဥပဒေကြမ်းကို တင်သွင်းခဲ့ခြင်းမဟုတ်ဘဲ ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ခြေဥပြင်ဆင်ရေးပူးပေါင်းကော်မတီကို ဖွဲ့စည်းရန် တင်သွင်းခဲ့ခြင်း ကြောင့် ပြည်သူများထံမှ အသံများ၊ အကြံပြုချက်များကို ရယူကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တေ်ာအစည်းအဝေးပြီးတွင် မီဒီယာများကို ပြောသည်။

 “ ဒီနေ့ ဆွေးနွေးသွားတဲ့ အချို့ကိုယ်စားလှယ်များ တိုင်းရင်းသားကိုယ်စားလှယ်များ ဆွေးနွေးသွားတာတောင် ရှိပါတယ်။ စောလျှင်စွာတောင် နောက်ကျနေပါတယ်။ ပြင်သင့်တာ ကြာလှပါပြီ ဆိုတဲ့ အဖြေဟာ ဒါ အမှန်တရားပါပဲ။ အဲဒီတော့ အရေးကြီးလား၊ အရေးမကြီးလားဆိုတာဟာ ကျွန်တေ်ာတို့ ဆုံးဖြတ်ရမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်လို့၊ ပြည်သူရဲ့တာဝန်ကို ကိုယ်စားပြု တာဝန်ကို ထမ်းဆောင်ရတာ ဖြစ်ပါတယ်။ အဲဒီတော့ ပြည်သူတွေကို မေးကြည့်လိုက်ပါ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဖို့ဟာ အရေးကြီးလား၊ အရေးမကြီးဘူးလား၊  ပြည်သူတွေ ဆုံးဖြတ်ပေးပါလိမ့်မယ် ” ဟု ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။

ယနေ့ ဆွေးနွေးခဲ့သည့် အရေးကြီးအဆိုကို အခြေခံဥပဒေလုပ်ထုံးလုပ်နည်းများနှင့် မညီဟုဆိုကာ တပ်မတော်သားကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြပြီး နာယကထံသို့ ကန့်ကွက်စာ ပို့ထားကာ ဝင်ရောက် ဆွေးနွေးရန် စာရင်းပေးထားခြင်း မရှိသောကြောင့် ဆွေးနွေးခဲ့ခြင်းမရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly