အဂတိလိုက်စားမှုဖြင့် အမှုရင်ဆိုင်နေရသော နေပြည်တော် စည်ပင်ဌာနမှူးကို အလုပ်နှင့်ထောင်ဒဏ် သုံးနှစ် ချမှတ်

အဂတိလိုက်စားမှုဖြင့် အမှုရင်ဆိုင်နေရသော နေပြည်တော် စည်ပင်ဌာနမှူးကို အလုပ်နှင့်ထောင်ဒဏ် သုံးနှစ် ချမှတ်
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ ဖေဖော်ဝါရီ ၅ ။            ။ အဂတိလိုက်စားမှုဖြင့် အမှုရင်ဆိုင်နေရသည့် နေပြည်တော်ကောင်စီနယ်မြေမှ စည်ပင်ဌာနမှူးကို ဖေဖော်ဝါရီလ ၅ ရက်၊မွန်းလွဲ ၃ နာရီက မန္တလေးတိုင်းဒေသကြီး တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ်သုံးနှစ်ကျခံရန် အမိန့်ချ ခဲ့သည်။

နေပြည်တော်ကောင်စီနယ်မြေစည်ပင်သာယာရေးကော်မတီမှ တိရစ္ဆာန်ကုသရေးနှင့် သားသတ်ရုံများ ဌာန၊ ဌာနမှူး ဒေါက်တာခိုင်စိုးလှသည် ဦးမျိုးခက်နှင့် ဦးဘိုဘိုဟန်တို့ ထံမှ ငွေများရယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက် ခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်ကာ မန္တလေးတိုင်းတရားလွှတ်တော်တွင် ရာဇဝတ်ကြီးအမှုအမှတ် ၆ ၊ ၇ တို့ဖြင့် တရားရုံးစွဲတင်ခဲ့သည့် အမှုဖြစ်သည်။ ထိုအမှုကို ၂၀၁၈ခုနှစ် အောက်တိုဘာလ ၃၁ ရက်မှစတင်၍ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

 မန္တလေးတိုင်း တရားလွှတ်တော် ရာဇဝတ်ကြီးအမှုအမှတ် ၆ တွင် ဒေါက်တာခိုင်စိုးလှအား အဂတိလိုက်စား ကြောင်း ခိုင်လုံသည့်သက်သေခံမပြနိုင်သည့်အတွက် အပြီးပြတ်လွှတ်ရန် အမိန့်ချခဲ့သော်လည်း ရာဇဝတ်ကြီး အမှုအမှတ် ၇ တွင် အဂတိလိုက်စားကြောင်း ဗွီဒီယိုဖိုင် သက်သေပြနိုင်သည့်အတွက် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်ကို ဖေဖော်ဝါရီ ၅ရက် (ယနေ့) တွင် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

 ဒေါက်တာခိုင်စိုးလှသည် ဦးမျိုးခက်ထံမှ ၂၀၁ရခုနှစ် သြဂုတ်(၁၁)ရက်နေ့က ငွေကျပ်ငါးသိန်း၊ ၂၀၁ရခုနှစ်၊ သြဂုတ်(၁၉)ရက်နေ့က ငွေကျပ်ဆယ်သိန်း၊ ဦးဘိုဘိုဟန်ထံမှ ၂၀၁ရခုနှစ်၊မေလဆန်းပိုင်းတွင် ငွေကျပ် သိန်း လေးဆယ် တို့ကို ရယူခဲ့ခြင်းသည် နိုင်ငံ့ဝန်ထမ်းလုပ်ပိုင်ခွင့်ရှိသူ အနေဖြင့် လုပ်ပိုင်ခွင့် အာဏာကို အလွဲ သုံးစားပြုကာ ငွေကြေးရယူခဲ့သည်တို့ကို စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရအမှုဖွင့် တရားစွဲဆိုခဲ့ရခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly