မြောက်ပိုင်းမဟာမိတ်အဖွဲ့များကို Facebook မှ ပိတ်ပင်တားမြစ်

မြောက်ပိုင်းမဟာမိတ်အဖွဲ့များကို Facebook မှ ပိတ်ပင်တားမြစ်

ဖေဖေါ်ဝါရီ ၅ ရက် ။          ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ လက်နက်ကိုင်တပ်များဖြစ်သော ရက္ခိုင့်တပ် AA ၊  မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် MNDAA ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA တို့၏ Facebook စာမျက်နှာများနှင့် ၎င်းတို့နှင့် ဆက်နွယ်သော Facebook ပေါ်ရှိ အကောင့်များ အသုံးပြုခွင့်ကို ပိတ်ပင်တားမြစ်လိုက်သည် ဟု ဖေဖေါ်ဝါရီ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

နိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့များနှင့် ပြည်နယ်အလိုက် လှုပ်ရှားဆောင်ရွက်သူများအပေါ် စုံစမ်းစစ်ဆေးခဲ့၍ လုံ လောက်သော သက်သေအထောက်ရှိလာခဲ့သည့်အတွက် ယခုလို အရေးယူခဲ့ရခြင်းဟု ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

“ကျွန်ုပ်တို့သည် မည်သူတစ်ဦးတစ်‌ယောက်ကိုမှ အကြမ်းဖက်မှုများလှုံ့ဆော်ခြင်း၊ အားပေးခြင်းများ ဆောင်ရွက်ရန် အလို့ငှာ Facebook အား အသုံးမပြုစေလို၍၊ နိုင်ငံတော်အဖွဲ့အစည်းများ၊ ပြင်ပအဖွဲ့အစည်းများကို ဆန်းစစ်လေ့လာမှုများကို ပြုလုပ်ကာ တစ်ဦးတစ်‌‌ယောက်ဖြစ်စေ အဖွဲ့အစည်းနှင့်ဖြစ်စေအကြမ်းဖက်မှု၌ လှုံ့ဆော် ပါဝင်ခြင်းကို တားဆီးပိတ်ပင်ပါသည်။” ဟု ထိုထုတ်ပြန်ချက်တွင် ရေးသားပါရှိသည်။

လွန်ခဲ့သည့်နှစ်ကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စာမျက်နှာအပါအဝင် တပ်မတော်နှင့် ဆက်နွယ်သည့် စာမျက်နှာ အမြောက်အမြားကို ပိတ်ပင်ခဲ့ဖူးသည်။

“ မြန်မာနိုင်ငံတွင်ဖြစ်ပျက်နေသော တိုင်းရင်းသားအကြမ်းဖက်မှုများသည် ကြောက်မက်ဖွယ်ဖြစ်ပြီး ကျွန်တော်တို့သည် ကျွန်ုပ်တို့၏ဝန်ဆေင်မှုများကို မုန်းတီးမှုဖြန့်နှံ့ခြင်း၊ အကြမ်းဖက်မှုများလှုံ့ဆော်ခြင်း၊ သို့မဟုတ် နယ်ပယ် အသီးသီးတွင် အခြေအနေများ တင်းမာလာအောင် ဆောင်ရွက်ခြင်းများအတွက် အသုံးမပြုစေလိုပါ။” ဟု Facebook ၏ ပိတ်ပင်မှုများနှင့် ပတ်သက်သော ထို ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယခု ပိတ်ပင်ခဲ့သော မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များကိုလည်း မြန်မာနိုင်ငံရှိ အန္တရာယ်ရှိသော အဖွဲ့အစည်းများဟု Facebook က သတ်မှတ်ကာ အသုံးပြုခွင့် တားမြစ်ခဲ့ခြင်းဟု ဆိုသည်။

“ ၎င်းအဖွဲ့အစည်းများသည် မြန်မာနိုင်ငံအတွင်း၌ အကြမ်းဖက်မှုများ၌ ပါဝင်နေကြပြီး အများပြည်သူကို အန္တရာယ်ပြု တိုက်ခိုက်ခြင်းများအတွက် တရားခံများဖြစ်ကြောင်း အထောက်ထားများကြောင့် ၎င်းအဖွဲ့အစည်းများကို ကျွန်ုပ်တို့၏ဝန်ဆောင်မှုကို အသုံးပြုပြီး နယ်ပယ်အသီးသီးတွင် အခြေအနေများ တင်းမာလာအောင် ဆောင်ရွက်ခြင်းများကို တားမြစ်ပိတ်ပင်လိုသည်။” ဟု ဖေဖေါ်ဝါရီ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် Facebook Newsroom ၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly