စီမံကိန်းများတွင် သုံးမည့်ငွေများအား ရန်ကုန်လမ်းများအဆင့်မြှင့်ရာတွင် သုံးစွဲသွားမည်

စီမံကိန်းများတွင် သုံးမည့်ငွေများအား ရန်ကုန်လမ်းများအဆင့်မြှင့်ရာတွင် သုံးစွဲသွားမည်
photo-AFP

ရန်ကုန် ၊ ဖေဖော်ဝါရီ ၅ ။               ။ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံသုံးစွဲမည့်ငွေများအား ရန်ကုန်မြို့ရှိ လမ်းမများ အဆင့်မြှင့်တင်ရာတွင် ပြောင်းလဲ သုံးစွဲသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောဆိုခဲ့သည်။

ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး၌ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒေသန္တရစီမံကိန်းဥပဒေကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ  တင်သွင်းခဲ့ရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“တိုင်းဒေသကြီးဖွ့ံဖြိုးရေးအတွက် ဒေသလိုအပ်ချက်ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများရဲ့ အကြံပြုဆွေးနွေးချက်အရ ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သင့်သောလုပ်ငန်းများဖြစ်ပါတယ်” ဟု ဦးမြင့်သောင်းက ဆိုသည်။

အဆိုပါ အကောင်အထည်ဖော်ရန်ကိစ္စများမှာ ထောက်ကြန့်ခုံးကျော်တံတားတည်ဆောက်ရန် လျာထားငွေ ကျပ် ၂ ဘီလီယံအား တိုင်းဒေသကြီးချင်းဆက် လမ်းမကြီးများဖြစ်သည့် ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်  ပဲခူး-သနပ်ပင်-ခရမ်း- သုံးခွ- သန်လျင် လမ်း ၊ မအူပင်-တွံတေးလမ်း တို့ကို အဆင့်မြှင့်တင်ရာတွင် ပြောင်းလဲ သုံးစွဲသွားမည် ဖြစ်သည်။

ယင်းအပြင် နိုင်ငံခြားဘဏ်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရန်ကုန်မြို့တော်ဘဏ်လီမိတက်တွင် ထည့်ဝင်မည့် ရင်းနှီးငွေ ကျပ် ၆.၈ ဘီလီယံကို ရွှေပြည်သာမြို့နယ်အတွင်းရှိ လှော်ကား- ဝါးတစ်ရာ လမ်း ၊ ရန်ကုန်ပြည်လမ်း ၊ လှိုင်သာယာမြို့နယ်ရှိ အမှတ်(၅) လမ်းမကြီးအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၊ ကန်တော်ကြီးတံတား ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းတို့တွင် ပြောင်းလဲသုံးစွဲသွားမည်ဟုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က လွှတ်တော်သို့ အတည်ပြုပေးရန် တင်သွင်းခဲ့သည့် ဒေသန္တရစီမံကိန်းဥပဒေ၌ ပါရှိသည်။

မူလက တိုင်းဒေသကြီးအစိုးရမှ ရန်ကုန်မြို့လယ် ဆူးလေလမ်းမကြီးအား ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်ရန် ရည်ရွယ်ထားသော်လည်း တိုင်းလွှတ်တော်ကိုယ်စားလှယ်များ အကြံပြုချက်အရ ရွှေပြည်သာမြို့နယ်အတွင်းရှိ လှော်ကား- ဝါးတစ်ရာ လမ်းကိုအဆင့်မြှင့်တင်ရန် ပြောင်းလဲခဲ့သည်ဟုလည်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့သို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း၌ ရန်ကုန်မြို့တွင်းရှိ လမ်းမကြီးများအား ဆိုးဝါးသည်ဟုလည်း ပြောဆိုခဲ့သည်။

ယင်းသို့ပြောဆိုပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသန္တရစီမံကိန်းများထဲတွင် လမ်းပြုပြင်ခြင်း လုပ်ငန်းများအား ထည့်သွင်းလာခဲ့ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly