ငမြောင်တောင်ပိုးကျ ပြောင်းစိုက်ခင်းများကို အမြဲမပြတ်စောင့်ကြည့်နှိမ်နင်းပါက ပိုထိရောက်

ငမြောင်တောင်ပိုးကျ ပြောင်းစိုက်ခင်းများကို အမြဲမပြတ်စောင့်ကြည့်နှိမ်နင်းပါက ပိုထိရောက်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၅ ။          ။ မွန်ပြည်နယ်ရှိ ပြောင်းစိုက်ခင်းများတွင် ငမြောင်တောင်ပိုးများ ကျရောက်လျှက်ရှိသောကြောင့် ဆေးပက်ဖျန်း ခြင်းထက် တောင်သူများကိုယ်တိုင် စိုက်ခင်းအား အမြဲမပြတ် စောင့်ကြည့်နှိမ်နင်းပါက ပိုမိုထိရောက်မှုရှိကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 “မွန်ဘက်မှာက အများကြီး မဖြစ်သေးဘူး။ ခုဆို သထုံနယ်ဘက်ခြမ်းမှာ နည်းနည်း စဖြစ်လာတယ်။ တောင်သူ တွေက အကြောင်းကြားလာတော့ ဝန်ထမ်းတွေက ချက်ချင်းပဲ ကွင်းဆင်းတယ်။ အကောင်းဆုံး နည်းလမ်းက လူတွေကိုယ်တိုင် နှိမ်နင်းတာပေါ့။ ပေါင်းရှင်းလင်းရေး လုပ်မယ်။အော်ဂဲနစ်တွေ ဖျော်ပြီး ပြောင်းပင်စည်ထဲ ထည့်မယ်ဆိုရင် ထိရောက်မှုရှိတယ်။ နောက်ထပ် မပွားလာအောင်နဲ့ စိုက်ခင်းအသစ်ဘက်ကို မကူးစက်လာအောင်လည်း အမြဲမပြတ်စောင့်ကြည့်နေဖို့လည်း လိုတယ်။”ဟု မွန်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မှ ဒုပြည်နယ်ဦးစီးမှူး ဦးအောင်ဇော်နိုင် က ပြောသည်။

 ငမြောင်တောင်များမှာ ပြောင်းပင်အခွံမှတစ်ဆင့် ပင်စည်ထဲသို့ ဝင်ရောက်ကိုက်ဖြတ်စားသောက်သဖြင့် အပင် ပျက်စီးမှုမှာ လက်ရှိတွင် ပိုမိုမြန်ဆန်လျက်ရှိကြောင်း မွန်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 “အခုဖြစ်တာက အခင်းအလိုက် ဖြစ်တာမဟုတ်ဘူး။ အရင်နှစ်တွေကလည်း ဖြစ်ခဲ့တယ်။ ဆေးဖျန်းပေးစရာ မလိုဘူး။ ပိုးကောင်က တွေ့နေရတော့ ကောက်ယူပြီး သတ်လိုက်ရုံဘဲ၊ ဒီနှစ်က ကျတာများတယ်။ အပင်နုစဉ် မှာဆိုရင် အပင်ကို ကိုက်တယ်၊ အပင်ရင့်လာရင်တော့လည်း အနုတွေကို ကိုက်တယ်။ စိုက်ပျိုးရေးကတော့ လာဆင်းကြည့်သွားတယ်။ ကာကွယ်နှိမ်နင်းရမယ့် နည်းလမ်းတွေ ပြောပြပေးခဲ့တယ်။” ဟု သထုံမြို့နယ် နောင်ဘိုကျေးရွာနေ ပြောင်းစိုက်တောင်သူ ကိုရာဇာက ပြောသည်။

 ငမြောင်တောင်ပိုးသည် ပြောင်းနှင့်အခြား အဓိကသီးနှံများဖြစ်သော စပါး ၊မြေပဲ ၊ ဟင်းသီးဟင်းရွက်၊ ဝါးသီးနှံ အပါအဝင် သီးနှံမျိုးပေါင်း ၈၀ ကျော်ကို စားသောက်ဖျက်ဆီးနိုင်ပြီး ထိရောက်စွာ နှိမ်နင်းနိုင်ခြင်း မရှိပါက သီးနှံအထွက်နှုန်းကို သိသိသာသာ ထိခိုက်လာနိုင်ချေရှိသော ပိုးတစ်မျိုး ဖြစ်သည်။

 စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများအား ငမြောင်တောင်ပိုး ကာကွယ်နှိမ်နင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ အသုံးပြုသင့်သည့်ဆေးအမျိုးအစားများ၊ အသုံးပြုပုံများ၊ ဆေးပက်ဖျန်း သည့် နည်းလမ်းများကို ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။

 တောင်သူများအနေဖြင့် မိမိစိုက်ခင်းများတွင် ငမြောင်တောင်ပိုးများအပြင် အခြား ပိုးမွှားအန္တရာယ်များကျရောက် နေသည်ကို တွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်များရှိ စိုက်ပျိုးရေးဦးစီးဌာန သို့ အကြောင်းကြားပေးစေလိုကြောင်း မွန်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မှ ဒုပြည်နယ်ဦးစီးမှူး ဦးအောင်ဇော်နိုင်က ပြောသည်။

 မွန်ပြည်နယ်တွင် ပြောင်းဖူးများကို စီးပွားအဖြစ်အများအပြား စိုက်ပျိုး ထုတ်လုပ်ခြင်းမရှိဘဲ တစ်နိုင်တစ်ပိုင် ဒေသတွင်း ရောင်းချရန်အတွက် ဖူးစားပြောင်းအများစုသာ စိုက်ပျိုးလုပ်ကိုင်ကြပြီး သထုံခရိုင်တွင် ပြောင်းစိုက် ဧက ၁၀၈၇ ဧကနှင့် မော်လမြိုင်ခရိုင်တွင် ၄၂၆ ဧက စုစုပေါင်း ၁၅၁၃ ဧကရှိကြောင်း မွန်ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

 ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းက သထုံရှိ စပါးခင်းများတွင် ဆစ်ပိုးများ ကျရောက်မှုများ ဖြစ်ပေါ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly