ရန်ကုန် (၆)မြို့နယ်တွင် ဆိုင်ကယ်စီးခွင့်ပြုရေးအဆို လက်ခံဆွေးနွေးရန်မသင့်ဟု လွှတ်တော်ဆုံးဖြတ်

ရန်ကုန် (၆)မြို့နယ်တွင် ဆိုင်ကယ်စီးခွင့်ပြုရေးအဆို လက်ခံဆွေးနွေးရန်မသင့်ဟု လွှတ်တော်ဆုံးဖြတ်
Photo-AFP

နေပြည်တော်(ဖေဖော်ဝါရီ ၄ရက်၊ ၂၀၁၉ခုနှစ်)။ ။ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်(၆)ခုတွင် မော်တော်ဆိုင်ကယ် တရားဝင် စီးနင်းခွင့်ပြုရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လက်ခံဆွေးနွေးရန်မသင့်ကြောင်း ဖေဖော်ဝါရီ ၄ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။

 ဒဂုံမြို့သစ်(၄)မြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာမြို့သစ် (၆)မြို့နယ်တို့တွင် တိကျသည့် နယ်နိမိတ် သတ်မှတ်၍ တိကျသည့် စည်းကမ်းသတ်မှတ်ချက်များ ချမှတ်ကာ တရားဝင်မှတ်ပုံတင်စေပြီး အချိန်ကာလ တစ်ခုအထိ ရည်ရွယ်၍ မော်တော်ဆိုင်ကယ် စီးနင်းခွင့်ပြုပါရန် တိုက်တွန်းကြောင်းအဆိုကို ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ်အမတ် ဦးအေးနိုင်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

 “အဆိုတင်ရတဲ့ ရည်ရွယ်ချက်ကတော့ ရန်ကုန်မြို့ရဲ့ဆင်ခြေဖုံးအရပ်တွေလည်းဖြစ်၊ မြို့သစ်တွေလည်းဖြစ်တဲ့ နေရာတွေမှာနေတဲ့ ပြည်သူတွေအတွက် ဆက်သွယ်သွားလာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စည်းကမ်း စနစ်ကျနရေး၊ တရားဥပဒေစိုးမိုးရေး ရည်ရွယ်ပြီး ပြည်သူ့လွှတ်တော်ကြီးနဲ့ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး အစိုးရတို့က စဉ်းစားဆောင်ရွက်ပေးနိုင်ဖို့ တင်သွင်းရခြင်း ဖြစ်ပါတယ်” ဟု အဆိုရှင် ဦးအေးနိုင်က လွှတ်တော် တွင် ပြောသည်။

ယင်းအဆိုနှင့်ပတ်သက်ပြီး လွှတ်တော်၏သဘောထား ရယူရာတွင် အဆိုသည် ပြည်ထောင်စုတစ်ခုလုံးနှင့် မသက်ဆိုင်သဖြင့် မေးခွန်းသာမေးမြန်းသင့်ကြောင်းနှင့် တိုင်းလွှတ်တော်တွင်သာ အဆိုတင်သင့်ကြောင်း တွံတေးမြို့နယ်အမတ် ဦးမြင့်လွင်က ကန့်ကွက်ခဲ့သည်။

 “ဒီဟာက ပြည်ထောင်စုတစ်ခုလုံးနဲ့ဆိုင်တဲ့အဆို မဟုတ်ပါဘူး။ ရန်ကုန်တိုင်းလွှတ်တော်မှာသာ တင်သင့်တဲ့ အဆို ဖြစ်ပါတယ်။ ဒီမှာ ပြည်ထောင်စုလွှတ်တော်မှာဆိုရင် မေးခွန်းလောက်ပဲ မေးသင့်တဲ့ အဆိုလို့ ယူဆ ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်က ကန့်ကွက်ပါတယ်” ဟု ဦးမြင့်လွင်က ဆိုသည်။

 တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၊ ဗိုလ်မှူးဇင်လင်းကလည်း “ဖွဲ့စည်းပုံအခြေခံဥပဒေဇယား ၂မှာ (၆) ပို့ဆောင်ရေးနှင့်ဆောက်လုပ်ရေးကဏ္ဍ (ဂ)မှာ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းသာ သွားလာသည့် ပုဂ္ဂလိက ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးလို့ ပြဋ္ဌာန်းထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီ၊ မညီကိစ္စက အဆို တင်သွင်းတဲ့နေရာမှာ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၉မှာ ဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့် ဖြစ်တဲ့အတွက် ဥက္ကဋ္ဌကြီး အနေနဲ့ အဆုံးအဖြတ်ပေးဖို့ တင်ပြအပ်ပါတယ်” ဟု လွှတ်တော်သို့ တင်ပြခဲ့သည်။

ထို့သို့ ကန့်ကွက်ထောက်ပြမှုများရှိသောကြောင့် အဆိုနှင့်ပတ်သက်ပြီး လက်ခံဆွေးနွေးရန် သင့်၊ မသင့် မဲခွဲ ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၅ဝမဲ၊ ကန့်ကွက်မဲ ၂၆၅ မဲ ရရှိခဲ့သည့်အတွက် အဆိုကို လက်ခံဆွေးနွေးရန် မသင့် ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဆုံးဖြတ်ခဲ့သည်။

 ဦးမြင့်လွင်က “ပြည်ထောင်စုလွှတ်တော်မှာ အချိန်တွေမဖြုန်းရအောင် ငါတို့က တတ်နိုင်သလောက်တော့ ကာကွယ်ရမှာပေါ့။ ကိုယ့်ပါတီကပဲဖြစ်ဖြစ်၊ ဘယ်ကပဲ ဖြစ်ဖြစ်ပါ။ အခြားပါတီက ဒါမျိုးတင်ရင်လည်း တို့က ကန့်ကွက်မှာပါ။ ဘာလို့လည်းဆိုတော့ ဒါက လွဲမှားနေတယ်။ အဆိုမဟုတ်ဘဲ မေးခွန်းဆိုရင် အကြောင်း မဟုတ်ဘူး” ဟု အဆိုကို ကန့်ကွက်ရသည့်အပေါ် လွှတ်တော်အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly