ဆာလာလိုက်ပါစီးနင်းတဲ့ ပျောက်ဆုံးလေယာဉ်ကို ရှာဖွေတွေ့ရှိ

ဆာလာလိုက်ပါစီးနင်းတဲ့ ပျောက်ဆုံးလေယာဉ်ကို ရှာဖွေတွေ့ရှိ
Photos: AFP

ကာဒစ်ဖ်အသင်းရဲ့ တိုက်စစ်မှူးအသစ်ဖြစ်တဲ့ အီမီလီယာနိုဆာလာနဲ့ လေယာဉ်မှူး အစ်ဘွတ်ဆွင်တို့ လိုက်ပါစီးနင်းတဲ့ ပျောက်ဆုံးလေယာဉ်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူများက တနင်္ဂနွေနေ့က အေအက်ဖ်ပီကို ပြောပါတယ်။

"ပျောက်ဆုံးလေယာဉ်ကို ရှာတွေ့ခဲ့ပြီလို့ ကျမ အတည်ပြုနိုင်ပါတယ်။"လို့ ဗြိတိန်ရဲ့ လေကြောင်းမတော်တဆမှုဖြစ်ရပ်များ စုံစမ်းစစ်ဆေးရေးဌာန (AAIB)မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဗြိတိန် လေကြောင်းမတော်တဆမှုဖြစ်ရပ်များ စုံစမ်းစစ်ဆေးရေးဌာန (AAIB) က တနင်္လာနေ့ (ယနေ့)မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်သွားမယ်လို့ သူမက ပြောပါတယ်။

ဇန်နဝါရီ ၂၁ ရက်နေ့က ဆာလာဟာ ပြင်သစ်ကနေ သူ့ရဲ့ အသင်းသစ် ပရီးမီးယားလိဂ်ကလပ် ကာဒစ်ဖ်စီးတီးဆီ လေယာဉ်ငယ်နဲ့ ထွက်ခွာလာပြီး ချန်နယ်ကျွန်းစုအနီးမှာ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ ဆာလာကို ၃ ရက်ကြာ ရှာဖွေအပြီးမှာ ရှာဖွေမှုရပ်ဆိုင်းခဲ့ပေမယ့် GoFundMe က အာဂျင်တီးနားကစားသမားကို ရှာဖွေဖို့အတွက် ရန်ပုံငွေအလှူခံခဲ့သလို မက်ဆီ၊ အဂူရို၊ အာဂျင်တီးနားသမ္မတစတဲ့သူတွေက ရှာဖွေမှု ဆက်လက်ပြုလုပ်ဖို့ တောင်းဆိုခဲ့ပြီးနောက် ရှာဖွေမှုတွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။

လေယာဉ်ဆီကနေ သံသယဖြစ်ဖွယ် အပျက်အစီး အပိုင်းအစတွေကို နော်မန်ဒီကမ်းရိုးတန်းမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တွေ့ရှိခဲ့ပါတယ်။

ဆာလာဟာ နန့်တက်စ်အသင်းကနေ ကာဒစ်ဖ်အသင်းကို ယူရို ၁၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီးနောက် ပိုက်ပါမာလီဘူး (Piper PA-46 Malibu) လေယာဉ်နဲ့ နန့်တက်စ်ကနေ ဝေးလ်ဆီကို ထွက်ခွာခဲ့တာဖြစ်ပါတယ်။

အဆိုပါလေယာဉ်ငယ်ဟာ ချန်နယ်ကျွန်းစုထဲက ဂရန်ဇီးကျွန်းရဲ့ မြောက်ဖက် ကီလိုမီတာ ၂၀ ဝန်းကျင်မှာ ရေဒါအဆက်အသွယ် ပြတ်တောက်ကာ လမ်းပျောက်သွားခဲ့တာဖြစ်ပါတယ်။

လေယာဉ်ကို ရှာဖွေဖို့ ဆာလာရဲ့ မိသားစုကနေ ငှားရမ်းထားတဲ့ ပုဂ္ဂလိဂကုမ္ပဏီ Blue Water Recoveries မှ ဒေးဗစ်မန်းစ်က တနင်္ဂနွေနေ့အစောပိုင်းက ဆာလာတို့စီးနင်းလာခဲ့တဲ့ လေယာဉ်လို့ သတ်မှတ်နိုင်တဲ့ လေယာဉ်ကို အင်္ဂလိပ်ရေလက်ကြားမှာ တွေ့ရှိခဲ့တယ်လို့ တွစ်တာပေါ်မှာ ရေးသားထားပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly