မက္ကဆီကိုနယ်စပ်သို့ တပ်ဖွဲ့ဝင် ၃,၇၅၀ ကျော် အမေရိကန် ထပ်မံ စေလွှတ်

မက္ကဆီကိုနယ်စပ်သို့ တပ်ဖွဲ့ဝင် ၃,၇၅၀ ကျော် အမေရိကန် ထပ်မံ စေလွှတ်

ဖေဖော်ဝါရီ ၄ ။              ။ မက္ကဆီကိုနဲ့ ထိစပ်နေတဲ့ နယ်စပ်သို့ နောက်ထပ် အမေရိကန် စစ်သည်တပ်ဖွဲ့ဝင် ၃,၇၅၀ ကျော် ထပ်မံစေလွှတ်သွားမှာ ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

လက်ရှိကာလမှာ နယ်စပ်လုံခြုံရေး မြှင်တင်ဖို့အတွက် နယ်စပ်တံတိုင်းတစ်ခု ကာရံရေးကိစ္စကိုလည်း သမ္မတ ဒေါ်နယ်ထရမ့်က အလေးပေး တောင်းဆိုပြောကြားနေလျက် ရှိပါတယ်။

ဒီမတိုင်မီ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက နှစ်လယ်ရွေးကောက်ပွဲတွေမတိုင်ခင် သမ္မတ ထရမ့်ရဲ့ အမိန့်ပေးမှုနဲ့အတူ ယင်းမက္ကဆီကိုနယ်စပ်မှာ အမေရိကန်စစ်သည်တွေကို တပ်ဖြန့်ချထားခဲ့ပြီး ဖြစ်ပါတယ်။

ယင်းအချိန်တုန်းကလည်း တစ်ခြားသော နိုင်ငံတွေမှာ အကြမ်းဖက်မှုနဲ့ ဆင်းရဲမှုဒဏ် မခံနိုင်လို့ ထွက်ပြေးလာကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ အမေရိကန်မှာ ခိုလှုံခွင့်ရရေးအတွက် နယ်စပ်ကနေတဆင့် နိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးပမ်းနေခဲ့ကြချိန်မှာ ခုလို စစ်သည်တွေကို တပ်ဖြန့်ချထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ခုလို တပ်ဖွဲ့ဝင်တွေ ထပ်မံ တပ်ချမယ့် မစ်ရှင်ကတော့ နယ်စပ်မှာ အကျပ်အတည်းတစ်ခု ဖြစ်နေသည့်အလား ထင်ယောင်ထင်မှားဖြစ်စေအောင် ရည်ရွယ်ပြီး နိုင်ငံရေးအရ အကွက်ချ စီစဉ်လာခြင်း ဖြစ်ကြောင်း အတိုက်အခံတွေဘက်က ပြစ်တင်နေကြလျက် ရှိပါတယ်။

ပင်တဂွန်ရဲ့ ကြေညာချက်ထဲမှာတော့ နယ်စပ် လုံခြုံရေးကို အင်အားဖြည့်ဖို့အတွက် နောက်ထပ် စစ်သည် ၃,၇၅၀ ထပ်မံစေလွှတ်ခြင်းဖြစ်ကြောင်း ပါရှိပါတယ်။

ယခု ထပ်မံ တပ်ဖြန့်မှုက သုံးလကြာကာလအထိ ရည်ရွယ်ကြောင်း၊ ယခု အင်အားဖြည့်တင်းမှုကြောင့် နယ်စပ်လိုင်းတစ်လျှောက် ရှိနေမယ့် တပ်ဖွဲ့ဝင် အင်အားစုစုပေါင်းဟာ ၄,၃၅၀ အထိ ရှိသွားမှာဖြစ်ကြောင်း ပင်တဂွန်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly