ကလိုယောလေးမှာ ပွင့်တဲ့ပန်း (သို့မဟုတ်) ဒုရဲဗိုလ် နမ့်ဂျက်စမင်း

ကလိုယောလေးမှာ ပွင့်တဲ့ပန်း (သို့မဟုတ်) ဒုရဲဗိုလ် နမ့်ဂျက်စမင်း
ဓာတ်ပုံ-သက်ကို

ဖေဖော်ဝါရီ ၄ ။          ။ အများသိကြတာ အမျိုးသမီးဆိုရင် နုနုနယ်နယ် နဲ့ အရပ်ထဲက အမျိုးသမီးတွေပုံစံပဲ မြင်ဖူးကြမှာပါ။

ဒါပေမယ့် သေနတ်ကိုင်ထားတဲ့ အမျိုးသမီးတစ်ယောက်၊ အထူးသဖြင့် ခံယူချက်ကြောင့် ၁၃ နှစ်ကြာ သေနတ်တွေနဲ့ ရင်းနှီးနေသူတစ်ယောက်ကိုတော့ သိကျွမ်း၊ မြင်ဖူးဖို့  မလွယ်ကူပါဘူး။

ငယ်စဉ်ကတည်းက မိဘနှစ်ပါးနဲ့ ခွဲခွာခဲ့ရတဲ့ နမ့်ဂျက်စမင်းဟာ ကိုယ့်အားကိုယ်ကိုး ရပ်တည်ခဲ့သူပါ။ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်မှာရှိတဲ့ ကရင်အမျိုးသားရဲတပ်ဖွဲ့မှာ အမျိုးသမီးရဲတပ်ဖွဲ့ စတင်ဖွဲ့စည်းတဲ့အချိန်မှာ သူ့အိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ ဖြစ်လာခဲ့ပါတယ်။

“ ကျွန်မက ငယ်ငယ်တည်းက မတရားမှု ဖြစ်တာတွေ တွေ့ခဲ့ရတယ်ပေါ့နော်။ ဆိုတော့ ငယ်ငယ်ထဲက ရဲယူနီဖောင်းတွေ၊ ဘာတွေတွေ့ရင် အရမ်းစိတ်ဝင်စားခဲ့ရတယ်။ ရဲ ဖြစ်ချင်တဲ့အိမ်မက်လည်း ရှိခဲ့တယ်။ အဲဒါနဲ့ပဲ အမျိုးသမီးရဲတပ်ဖွဲ့ကို စတင်ဖွဲ့စည်းတော့ ကျွန်မလည်း ပထမဆုံးအသုတ်မှာ ပါဝင်လာခဲ့တယ် “ လို့ ဒုရဲဗိုလ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ နမ့်ဂျက်စမင်းက ပြောပါတယ်။

KNU အဖွဲ့ဟာ ၂၀၁၅ ခုနှစ်မှာမှ အပစ်ရပ် NCA ကို ရေးထိုးနိုုင်ခဲ့တာဖြစ်လို့ နမ့်ဂျက်စမင်းအနေနဲ့  ရဲတပ်ဖွဲ့မှာ ကိုယ်ပိုင်နံပါတ်စရတဲ့ ၂၀၀၅ ခုနှစ်အချိန်မှာ ကရင်ပြည်နယ်မှာ ယမ်းငွေ့တွေ ဝေနေဆဲကာလတွေလည်း ဖြစ်ခဲ့ပါတယ်။

 အမျိုးသမီးရဲမေ တစ်ယောက်အနေနဲ့ သူ ဘာတွေရင်ဆိုင်ရလဲဆိုတာ ခုလို ပြောပြပါတယ်။

 “ တစ်နေရာနဲ့ တစ်နေရာ သွားဖို့ဆိုတာ လမ်းပန်းဆက်သွယ်ရေးအရလည်း ခက်ခဲတယ်။ တခါတလေ ညအိပ်ညနေ ဒုက္ခရောက်တယ်။ မိုးရွာတောထဲမှာ သွားတာမျိုးလည်း ရှိတယ်။ ဥပမာ အရမ်းကြီးလေးတဲ့ ရာဇဝတ်မှုတွေကိုလိုက်တဲ့အခါကြတော့ မြို့လိုမဟုတ်ဘူး။ ကားနဲ့သွားဖို့လည်း မလွယ်ကူဘူး။ ခြေကျင်နဲ့ တောင်တက် ၊တောင်ဆင်းနဲ့ ၊အမျိုးသားတွေနဲ့ တန်းတူသွားတာမျိုးကြ ကျွန်မတို့အတွက်က တခါတလေကြ ခက်ခဲတယ်ပေါ့နော် “ လို့ အခက်ခဲတစ်ခုကို ဥပမာအနေနဲ့ ထုတ်နုတ်ပြီး ဒုရဲဗိုလ် နမ့်ဂျက်စမင်းက ပြောပြပါတယ်။

တိုက်ပွဲတွေကြောင့် အစစအရာရာနိမ့်ကျခဲ့ရတဲ့ ကရင်လူမျိုးတွေကို မြင်ရင် အရမ်း ဝမ်းနည်းရတယ်လို့ သူ့ကိုယ်ပိုင်ခံစားချက်ကို နမ့်ဂျက်စမင်းကပြောပါတယ်။

သူ့ဘဝကလည်း အခြား ကရင်လူမျိုးအချို့နည်းတူ သာယာတဲ့လမ်းခရီးတော့ မဖြစ်ခဲ့ပါဘူး။

“ အမေကတော့ ရေနစ်ဆုံးသွားတယ်။ အဖေကတော့ ကျွန်မ မသိလိုက်ဘူး။ အရမ်းငယ်လွန်းတယ်။ မသိလိုက်ဘူး။ ကျွန်မ သိပ်မမှတ်မိဘူး။ အရမ်းငယ်နေတယ်။ သူများ ပြန်ပြောတာ၊ မေးပြန်တော့လည်း လူတွေက မဖြေချင်ကြဘူး။ အရမ်းခံစားရမှာ စိုးလို့ပေါ့နော် “ လို့ သူ့ဘဝ တစွန်းတစကို ပြောပြပါတယ်။

 မြန်မာနိုင်ငံရဲတပ်ဖွဲ့ထဲ မဝင်ဘဲ ကရင်အမျိုးသားရဲတပ်ဖွဲ့ထဲ ဝင်ခဲ့တာနဲ့ပတ်သက်ပြီး ဒေသခံတွေရဲ့ ဘာသာစကား အခက်အခဲတွေကို ကူညီချင်လို့ လို့ သူက ပြောပါတယ်။

 “ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့ ကရင်လူမျိုးတွေတော်တော်များများက မြန်မာစကားကို မကျွမ်းကျင်ကြဘူး။ အခုကျေးလက်ဒေသတွေမှာ တရားဥပဒေဆိုရင်လည်း သူတို့ နားမလည်တာတွေ ရှိတယ်။ ပညာ မသင်ရတဲ့အပိုင်းတွေမှာ ဖြစ်ဖြစ်ပေါ့နော်။ ဝေးသီခေါင်လံတဲ့နေရာတွေမှာလည်း ရဲတပ်ဖွဲ့တွေ မရှိဘူး။ မှုခင်းတွေဖြစ်တဲ့အခါ သူတို့ဘာလုပ်ရမှာလည်း မသိတဲ့အခါ ၊ မဖြစ်သင့်တာတွေ ဖြစ်တာတွေ အများကြီးတွေ့ရတယ်။ ကျွန်မအနေနဲ့ ၊ ဗမာစကားတတ်တဲ့ ကရင်မတစ်ယောက်အနေနဲ့ကတော့ ကရင်အမျိုးသားတွေအတွက်ပေါ့နော်။ တတ်နိုင်တဲ့ဘက်က ကူညီနိုင်မယ်ထင်လို့ ကရင်အမျိုးသားရဲတပ်ဖွဲ့ကို ဝင်ခဲ့တာဖြစ်ပါတယ်” လို့ နမ့်ဂျက်စမင်းက ဆိုပါတယ်။

 ရဲတပ်ဖွဲ့ထဲမှာပဲတာဝန်ထမ်းဆောင်ရင်းနဲ့ တာဝန် အတူထမ်းဆောင်တဲ့ ရဲဝန်ထမ်းတစ်ယောက်နဲ့ အကြောင်းပါပြီး သူ အိမ်ထောင်ပြုခဲ့ပါတယ်။

 လက်ရှိအချိန်မှာ နမ့်ဂျက်စမင်းရဲ့ သမီးကလည်း အမေနဲ့ အဖေနည်းတူ ကရင်အမျိုးသားရဲတပ်ဖွဲ့ထဲကို ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

 “ ကျွန်မတို့မျှော်မှန်းတာထက် သူ ကိုယ်တိုင်က အမြင့်ကြီးကို မျှော်မှန်းထားတယ်။ သူ့ကိုပြောထားတယ်။ နင်လုပ်နိုင်သရွေ့ ကိုယ့်လူမျိုးအတွက် ကြိုးစားပေးပေါ့နော်။ သူကိုယ်တိုင်က အများကြီးလုပ်ချင်လို့ အများကြီးကြိုးစားနေပါတယ်။ ဒီထက် မြင့်မြင့်လုပ်နိုင်ဖို့အတွက် ရဲအလုပ်လုပ်ရင်း ကျောင်းပညာရပ်တွေကိုကြိုးစားနေပါတယ် “ လို့ သမီးဖြစ်သူအကြောင်း ဂုဏ်ယူစွာနဲ့ ပြောပြပါတယ်။

 လက်ရှိ KNU လက်အောက်မှာ ပြည်ထဲရေးဌာနအပါအဝင် ဌာန ၁၄ ခုရှိပြီးတော့ ကိုယ်ပိုင်ဌာန်းခွင့်ရရှိတဲ့အချိန်အတွက် ပြင်ဆင်နေကြတာလည်း ဖြစ်ဖွယ်ရှိပါတယ်။

 ဒါ့အပြင် ကရင်အမျိုးသားရဲတပ်ဖွဲ့ဟာလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ နည်းတူ ကရင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးဖို့၊ မတရားမှုတွေ ပပျောက်ဖို့ုလုပ်ဆောင်နေကြတာပါ။

ရဲတစ်ယောက်ဖြစ်တဲ့ နမ့်ဂျက်စမင်း အမြင်ကတော့ ရှင်းပါတယ်။ ဒီလို လုပ်ဆောင်နေကြရတာနဲ့ပန်သက်ပြီး သူ့ မြင်တွေ့ခဲ့ရတဲ့ တိုက်ပွဲတွေ၊ စစ်ပွဲတွေကို မလိုချင်ဘဲ ဖွံ့ဖြိုးတိုးတက်နေတဲ့ ကရင်ပြည်နယ်ကိုသာ တွေ့မြင်ချင်တယ်လို့လည်း သူက ဆိုပါတယ်။

ကိုယ့်လူမျိုးတွေအတွက် နိုင်သရွေ့တာဝန်ထမ်းကြမယ်ဆိုတဲ့အထဲမှာ ကရင်အမျိုးသမီးတွေ ပါဝင်နေတာက အံ့သြဖွယ်တော့ မဟုတ်ပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly