မြောက်ကိုရီးယားနဲ့ တရုတ်တို့နဲ့ သဘောတူညီမှုတွေ ရရှိဖို့ လမ်းကြောင်းဖြောင့်နေလို့ ထရမ့် ရှုမြင်

မြောက်ကိုရီးယားနဲ့ တရုတ်တို့နဲ့ သဘောတူညီမှုတွေ ရရှိဖို့ လမ်းကြောင်းဖြောင့်နေလို့ ထရမ့် ရှုမြင်

၀ါရှင်တန်၊ ဖေဖော်ဝါရီ ၄ ။              ။ အမေရိကန်ရဲ့ အဓိကနိုင်ငံခြားရေးပေါ်လစီ စိန်ခေါ်မှုနှှစ်နိုင်ငံဖြစ်တဲ့ မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့နဲ့ သဘောတူညီမှုတွေ ဖော်ဆောင်ဖို့ ကောင်းမွန်တဲ့ အခွင့်အရေးတွေ ရှိနေတယ်လို့ မြင်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားဖျက်သိမ်းရေးနဲ့ တရုတ်နဲ့ ကုန်သွယ်ရေးဆက်ဆံမှုတွေမှာ သဘောတူညီမှုတွေ ရရှိဖို့ လမ်းကြောင်းဖြောင့်နေတယ်လို့ သမ္မတ ထရမ့်က ရှုမြင်တာ ဖြစ်ပါတယ်။

CBS ရုပ်သံနဲ့ Face the Nation အင်တာဗျူးအစီအစဉ်မှာ ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအန်နဲ့ လာမယ့် ဒုတိယမြောက် ထိပ်သီးအစည်းအဝေးအတွက် ကျင်းပမယ့် နေ့ရက်နဲ့ နေရာကို သဘောတူထားပြီလို့ ပြောပါတယ်။

အဲဒီ နေ့ရက်နဲ့ နေရာကို အင်္ဂါနေ့မှာ ပြုလုပ်မယ့် ပြည်ထောင်စုမိန့်ခွန်းပြောကြားမှု မတိုင်ခင် ကြေညာဖြစ်ဖို့ ရှိတယ်လို့ ၎င်းက ဆိုပါတယ်။

“ထိပ်သီးအစည်းကိုတော့ လျာထားပြီးပါပြီ။ ကင်ဂျုံးအန်ကလည်း တိုးတက်မှုတွေ ဖော်ဆောင်ဖို့ လုပ်ဆောင်နေသလို ကျွန်တော်ဖက်ကလည်း အတူတူပါပဲ။”လို့ ထရမ့်က ပြောပါတယ်။

မနှစ်က ဇွန်လအတွင်းမှာ ပထမဆုံး မျက်နှာချင်းဆိုင် ထိပ်သီးအစည်းအဝေး သမိုင်းဝင် ကျင်းပနိုင်ခဲ့တဲ့ ထရမ့်နဲ့ ကင်ဂျုံးအန်တို့ကြားက ဒုတိယမြောက် ထိပ်သီးညီလာခံကို ဗီယက်နမ်မှာ ကျင်းပဖြစ်ဖို့ အလားအလာ များပါတယ်။

အငြင်းပွားနေတဲ့ တရုတ်နဲ့ ကုန်သွယ်ရေး ဆက်ဆံမှုနဲ့ ပတ်သက်ပြီးလည်း ထရမ့်က “ကျွန်တော်တို့ တရုတ်နဲ့ တရုတ်သဘောတူညီမှု ဖော်ဆောင်ဖို့မှာ တော်တော်လေး အလားအလာကောင်းကောင်းအခြေအနေ လုပ်ဆောင်နေပါတယ်။”လို့ ပြောပါတယ်။

အိမ်ဖြူတော်မှာ အမေရိကန်-တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲတွေ နှစ်ရက်တာ ကျင်းပအပြီးမှာ ခုလို အပြုသဘောဆောင်တဲ့ မှတ်ချက်စကားကို သမ္မတထရမ့်က ပြောဆိုလာတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly