မသင်္ကာသူ နှစ်ဦးကို စစ်ဆေးဖို့ ခေါ်ရာမှ ပစ္စတိုတစ်လက်နှင့် ကျည်များကို ဖမ်းဆီးရမိ

မသင်္ကာသူ နှစ်ဦးကို စစ်ဆေးဖို့ ခေါ်ရာမှ ပစ္စတိုတစ်လက်နှင့် ကျည်များကို ဖမ်းဆီးရမိ
ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန

ဖေဖေါ်ဝါရီ ၃ ။           ။ လက်နက်ကိုင်တိုက်ပွဲ ခပ်စိပ်စိပ် ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်တွင် ဖေဖေါ်ဝါရီ ၃ ရက်နေ့က လုံခြုံရေးဆောင်ရွက်နေစဉ် မသင်္ကာသူ နှစ်ဦးကို စစ်ဆေးဖို့ ခေါ်ရာမှ ပစ္စတိုတစ်လက်နှင့် ကျည်များကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဖေဖေါ်ဝါရီ ၃ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်က ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းနယ်မြေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေ လုံခြုံရေးဆောင်ရွက်နေစဉ် ဖိုးခေါင်ချောင်းစပ်အနီး၌ ထိုမသင်္ကာသူ နှစ်ဦးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ပြည်ထဲရေး၏ သတင်းထုတ်ပြန်ချက်က အတည်ပြုထားသည်ကို တွေ့ရှိရသည်။

ထိုမသင်္ကာသူနှစ်ဦးအား စစ်ဆေးရန် ခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ ၎င်းတို့ လွယ်အိတ်အား ပစ်ချ၍ ထွက်ပြေးခဲ့သဖြင့် လိုက်လံဖမ်းဆီးရာတွင် ပြိုင်းတောင်ရွာအရှေ့ဘက် နှစ်ဖာလုံခန့်အကွာတွင် တစ်ဦးကို ဖမ်းမိခဲ့သည်ဟု ၎င်းထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးခံရသူမှာ ရွက်ညိုတောင်အလယ်ရွာနေ မာမောက်ဇူဘိုင်ဖြစ်ပြီး အသက် ၂၄ နှစ်အရွယ်ရှိသည်ဟု ဆိုသည်။

၎င်းတို့ ပစ်ချခဲ့သည့် လွတ်အိတ်အတွင်းမှ ပစ္စတိုသေနတ် (၁) လက်နှင့် ကျည်အိမ် (၁) ခု၊ ၎င်းကျည် (၅) တောင့် အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး ဆင်းကတ် တစ်ခုပါ စမတ်အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးက သတင်းထုတ်ပြန်ထားသည်။

ထွက်ပြေးခဲ့သူတစ်ဦးကိုမူ ဖမ်းဆီးရမိခဲ့ခြင်း မရှိသေးဟု သိရသည်။

ဇန်နဝါရီ ၄ ရက်နေ့တွင် နယ်ခြားစောင့်ကင်းစခန်းများကို ရခိုင်အဖွဲ့ AA က တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ ထိုဒေသနှင့် အနီးတဝိုက်များတွင် ရက်ဆက်ဆိုသလို ဖြစ်ပေါ်နေသည်။ အဆိုပါဖွဲ့အပြင် အာဆာ အကြမ်းဖက်အဖွဲ့ကလည်း ထိုဒေသများတွင် လှုပ်ရှားလျက်ရှိနေသည်။

ယခု ဖမ်းမိသော လက်နက်နှင့်အတူ ဖမ်းမိသူမှာ လက်နက်ကိုင်အဖွဲ့များနှင့် အဆက်အသွယ် ရှိမရှိကိုမူ ၎င်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly