ရေနံလက်ယက်တွင်းလုပ်ငန်းခွင်တွင် ဂျွိုင်းဆော်ရာမှ မီးလောင်

ရေနံလက်ယက်တွင်းလုပ်ငန်းခွင်တွင် ဂျွိုင်းဆော်ရာမှ မီးလောင်

ဖေဖေါ်ဝါရီ ၃ ရက် ။            ။ ရေနံလက်ယက်တွင်းလုပ်ငန်းခွင်တစ်ခုတွင် ဂျွိုင်းဆော်ရာမှ မီးပွားစင်၍ ရေနံလျှံကျင်းမီးလောင်မှုတစ်ခု မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် ဖေဖေါ်ဝါရီ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည်။

ထိုလုပ်ငန်းခွင်သည် ပေါက်မြို့နယ် မီးသတ်စခန်း၏ အရှေ့မြောက်ဘက် ၂၇ မိုင်ခန့်အကွာမှာရှိသည့် သရက္ကန်ကျေးရွာအုပ်စု ၊ ရေခါးကျေးရွာအနီးတွင် တည်ရှိပြီး မီးလောင်မှုမှာ ၎င်းည ၇ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

ရေနံကျင်း၏ ပိုင်ရှင်ဖြစ်သော ဦးမျိုးဝင်းသည် ၎င်းပိုင်လုပ်ငန်းခွင်တွင် ရေနံတူးဖော်ရန် ဂျွိုင်းသံဂဟေ ဆက်နေစဉ် မီးပွားများလွင့်ထွက်၍ ဦးနိုင်မင်း၏ ရေနံလျှံကျင်းမှ ဓာတ်ငွေ့များဖြင့် ထိတွေ့ပြီး စတင် မီးလောင်ခဲ့ခြင်း ဖြစ်သည်ဟု မကွေးတိုင်းဒေသကြီး မီးသတ်ဦးဌာနမှ သိရသည်။

ဖေဖေါ်ဝါရီ ၂ ရက်နေ့ ညနေ ၇ နာရီ ၁၅ မိနစ်တွင် စတင်ခဲ့သော ထိုမီးလောင်မှုအား နောက်တစ်နေ့ ဖေဖေါ်ဝါရီ ၃ ရက် နံနက် ၅ နာရီ ၄၅ မိနစ်အချိန်တွင် လုံးဝငြိမ်းသတ်နိုင်ခဲ့သည်။

ရေဂါလံပေါင်း ၃၂၄၀၀ ခန့် အသုံးပြု ငြိမ်းသတ်ခဲ့ရပြီး မီးလောင်ဆုံးရှုံးမှုတန်ဖိုး ကျပ် ၈ သိန်းကျော် ရှိကာ ထိခိုက်ဒဏ်ရာရရှိမှုများ မရှိခဲ့ဟု သိရသည်။

ထိုမီးလောင်မှုနှင့် ပတ်သက်၍ ဦးမျိုးဝင်းအား အမှုဖွင့်နိုင်ရန် ပေါက်မြို့နယ် ရေပြာနယ်မြေရဲစခန်းက စီစဉ်လျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly