ရွာများအတွင်း AA အဖွဲ့ဝင်များကို ရှာဖွေနိုင်ရေး တည်ဆဲဥပဒေအတိုင်းဆောင်ရွက်နေဟုဆို

ရွာများအတွင်း AA အဖွဲ့ဝင်များကို ရှာဖွေနိုင်ရေး တည်ဆဲဥပဒေအတိုင်းဆောင်ရွက်နေဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ။          ။ ဒေသခံအရပ်သားအဖြစ်အသွင်ယူထားသည့် ရက္ခိုင့်တပ်(AA) အဖွဲ့ဝင်များကိုရှာဖွေနိုင်ရေးအတွက် တိုင်းရင်း သားကျေးရွာများနှင့် ဘင်္ဂါလီကျေး ရွာများတွင် လုံခြုံရေးအရစစ်ဆေးခြင်းကို တရားဥပဒေနှင့် ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း တပ်မတော်သတင်း မှန်ပြန်ကြားရေး အဖွဲ့မှသိရသည်။

 
သမီးလှကျေးရွာနှင့် အုန်းချောင်းကျေးရွာတို့တွင် အရပ်သားအဖြစ်အသွင်ယူထားသော ရက္ခိုင့်တပ်(AA) မှ လုံခြုံရေးတပ်များကိုတိုက်ခိုက်ခြင်းနှင့် ကျေးရွာများအတွင်းရှိ နေအိမ်၊ ခြံဝင်းများအတွင်း၌လည်း ဗုံးခိုကျင်းများ ပြုလုပ်ထားသည်ကို တွေ့ရှိရသောကြောင့် ဥပဒေနှင့်အညီ စစ်ဆေးခြင်းများပြုလုပ်ရန် ညွှန်ကြားရခြင်း ဖြစ်ကြောင်း လည်းသိရသည်။

 “ စစ်ဆင်ရေးနယ်မြေတွေ၊ ထိတွေ့မှုရှိတဲ့နယ်မြေတွေ ဒါမှမဟုတ် ဒီ့ပြင့်နယ်မြေတွေ မှာတော့ တရားဥပဒေ အတိုင်းပဲ တည်ဆဲဥပဒေ အတိုင်းပဲဆောင်ရွက်ရတာရှိပါတယ်ဗျ။ သူ့လုပ်ထုံးလုပ်နည်းအတိုင်း ပဲဆောင်ရွက် နေတာရှိပါတယ်။ စည်းမဲ့ကမ်းမဲ့ရှာဖို့ ဖွေဖို့ပေးထား တာတော့မရှိပါဘူး” ဟု ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကဆိုသည်။

 
အလားတူ ရခိုင်ပြည်နယ်တွင်းရှိ မြို့နယ် ၇ ခုတွင် ရက္ခိုင့်တပ်(AA) မှအဖွဲ့ဝင်များ ဒေသခံများကြားတွင် ရောနှောဝင်ရောက်ရှိနေသည်မှာ မှန်ကန်မှုရှိ/ မရှိ စစ်ဆေးရန် ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားထားသည့် စာတစ်စောင်ပေါ်ထွက်လာခဲ့သည်။

 အဆိုပါမြို့နယ် ၇ ခုမှာ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦးနှင့် မြေပုံ မြို့နယ်တို့ဖြစ်ပြီး AA အဖွဲ့မှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့်အမှုဖွင့်ခံထားရသည့်အတွက် “လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ရန်” ဆုံးဖြတ်ခဲ့ကြောင်း အဆိုပါစာတွင်ရေးသားထားသည်။

 ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း လက်မှတ်ထိုးထား သည့်အဆိုပါစာနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြင့်ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ  “ အဲ့ဒီအစည်းအဝေးက ကျွန်တော်မရောက်တဲ့အခါ အဲ့ဒီစာ မှန်လား မမှန်လားဆိုတာ ဆုံးဖြတ်ချက်တိတိကျကျမသိလို့ပါခင်ဗျ” ဟုဆိုသည်။

 ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၃ ရက် အစည်းအဝေးဆုံးဖြတ်ချက်အရ ရဲတပ်ဖွဲ့၊ လဝက၊ ထွေအုပ်၊ မီးသတ်နှင့် တပ်မတော်စုပေါင်းအဖွဲ့များမှ မသင်္ကာသည့်နေအိမ်များသို့ဝင်ရောက်ကာ လူဦးရေ မှန်/မမှန်စစ်ဆေးခြင်း၊ ဓာတ်ပုံမှတ်တမ်းရယူခြင်းများဆောင်ရွက်မည်ဟု အဆိုပါစာတွင် ဖော်ပြထားသည်။

 အဆိုပါစာအစစ်အမှန်ဟုတ်၊ မဟုတ်သိရှိရန် ဝန်ကြီးဦးကျော်အေးသိန်းနှင့် ရခိုင်ပြည်နယ် နယ်/ လုံ ဝန်ကြီးတို့ထံသို့ ဆက်သွယ်ရန်ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ်မရခဲ့ပေ။

 

“ အစစ်ပါပဲ။ လက်မှတ်ထိုးထားတဲ့ ဝန်ကြီးဦးကျော်အေးသိန်းရဲ့ အရင်လက်မှတ်တွေကို တိုက်ဆိုင်ကြည့်တော့ အနေအထားကတော့ ဟုတ်ပါတယ်” ဟု ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်းကဆိုသည်။

 

လွှတ်တော်ဒုတိယဥက္ကဋ္ဌအနေဖြင့်လည်း အဆိုပါစာပျံ့နှံ့လာမှသိရှိခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာဒေသများမှ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း မည်သို့စစ်ဆေးခဲ့သည်ကို စောင့်ကြည့်လေ့လာရန် ညွှန်ကြားထား ကြောင်း ၄င်းကဆိုသည်။

 

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ သက်ဆိုင်ရာအဖွဲ့နဲ့ပူးပေါင်းပြီး မသင်္ကာတဲ့ ဟာတွေကိုရှာဖွေဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းနဲ့ပူးပေါင်းပြီး အဓိကတော့ တရားဥပဒေစိုးမိုး ရေးအဖွဲ့တွေရယ် ရဲအဖွဲ့ဝင်တွေရယ် ဒီပြင်အဖွဲ့ဝင်တွေ ဒါတွေကိုဆောင်ရွက်တဲ့အခါမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ကို ထုတ်ထား တာ ဖြစ်မှာပါ” ဟုဆိုသည်။

 

AA အဖွဲ့ကမူ ရွာထဲမှနေ၍ အသွင်ယူခြင်းနှင့် ချောင်းမြောင်းပစ်ခတ်ခြင်းလုံးဝ မရှိဟု ရက္ခိုင့်တပ် သတင်း ထုတ်ပြန်ရေးတာဝန်ခံ ဦးခိုင်သုခက ဆိုသည်။

 

“အသွင်ယူပြီးတော့ ရွာထဲကနေချောင်းမြောင်းပစ်တာမျိုး သူရဲဘောကြောင်တဲ့ကိစ္စမျိုး ကျွန်တော်တို့မလုပ်ဘူး” ဟု၄င်းကပြောသည်။

 

အလားတူ ဗုံးခိုကျင်းများတွေ့ရသည့်ကိစ္စမှာလည်း အဆိုပါရွာတစ်ဝိုက်သည် တိုက်ပဲဲွများဖြစ်ပွားလေ့ ရှိသော ကြောင့် မိမိအကိုယ် ကိုယ်ကာကွယ်နိုင်ရန် ရွာသားများမှ တူးဖော်ထားခြင်းမျိုးဖြစ်နိုင်ကြောင်းလည်း ဦးခိုင်သုခ က သုံးသပ်သည်။

 

သို့သော် ဇန်နဝါရီ ၂၆ ရက်နေ့တွင် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာနှင့် ဇန်နဝါရီ ၂၈ ရက်နေ့တွင် အုန်းချောင်းကျေးရွာတို့သို့  နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော် စစ်ကြောင်းများတို့သည် ရှောင်တစ်ခင် ဝင်ရောက် စစ်ဆေးမှုများကို ပြုလုပ်ခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးမှဆိုသည်။

 

ထိုသို့ ဝင်ရောက်ရာတွင် သမီးလှကျေးရွာအတွင်းရှိ ကိုင်းတောမှ အင်အား ၃၀ ခန့်ရှိသော AA အဖွဲ့ဝင်များက ရီမုမိုင်းငါးလုံးဖြင့် ဖောက်ခွဲ၍ လက်နက်ကြီး လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ရေးသားပါရှိသည်။

 

ယင်းအပြင် ဇန်နဝါရီ ၂၈ ရက်နေ့က အုန်းချောင်းကျေးရွာအနီးတွင် လုံခြုံရေးဆောင်ရွက်နေစဉ်တွင်လည်း အင်အား ၃၀ ခန့်ရှိသော AA အဖွဲ့ဝင်များက အုန်းချောင်းကျေးရွာ ဘုရားကုန်းပေါ်က ပစ်ခတ်ကာ ကျေးရွာများ အတွင်းမှတဆင့် ဆုတ်ခွာခဲ့သည်ဟုလည်း တပ်မတော်မှသတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly