ဇန်နဝါရီလအတွက် နေရှင်နယ်လိဂ်တစ်လတာ အကောင်းဆုံးဆုများကို ရတနာပုံဘောလုံးအသင်းမှ ရရှိ

ဇန်နဝါရီလအတွက် နေရှင်နယ်လိဂ်တစ်လတာ အကောင်းဆုံးဆုများကို ရတနာပုံဘောလုံးအသင်းမှ ရရှိ

ဖေဖော်ဝါရီလ ၂ ။          ။ MPT Myanmar National League 2019 ဘောလုံးရာသီ၏ ဇန်နဝါရီလအတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆုနှင့် အကောင်းဆုံးနည်းပြဆုတို့ကိုရွေးချယ်ခဲ့ရာ ကစားသမားဆုကို ရတနာပုံအက်ဖ်စီအသင်း၏ လူငယ်တိုက်စစ်မှူး ဝင်းနိုင်ထွန်းနှင့် နည်းပြဆုကို ဦးအောင်ကျော်မိုးတို့  ရရှိခဲ့သည်။

ရတနာပုံအသင်းမှ လူငယ်တိုက်စစ်မှူး ဝင်းနိုင်ထွန်းသည် ဇန်နဝါရီလအတွင်း ကစားခဲ့သော ပွဲစဉ် ၃ ပွဲတွင် သွင်းဂိုး သုံးဂိုးအထိသွင်းယူနိုင်ခဲ့သူဖြစ်သည်။

 အကောင်းဆုံးကစားသမားဆုရရှိခဲ့သော ရတနာပုံအသင်းတိုက်စစ်မှူး ဝင်းနိုင်ထွန်းသည် ဆုကြေးငွေ ကျပ် (၁၅၀၀၀၀)နှင့် ဆုတံဆိပ်ကို ရရှိခဲ့ပြီး အကောင်းဆုံးနည်းပြဆုရရှိခဲ့သော ရတနာပုံအသင်းနည်းပြချုပ် ဦးအောင်ကျော်မိုးကို ဆုကြေးငွေကျပ် (၁၀၀၀၀၀) နှင့်ဆုတံဆိပ်တို့အား မြန်မာနေရှင်နယ်လိဂ်နှင့် မြန်မာ နေရှင်နယ်လိဂ်မိတ်ဖက်ပါတနာ MPT တို့က ပူးပေါင်း ချီးမြှင့်ခဲ့သည်။

အဆိုပါ အကောင်းဆုံးဆုများကို ရတနာပုံအသင်း၏အိမ်ကွင်းဖြစ်သော ဗထူးကွင်းတွင် ရတနာပုံအသင်း နှင့် မကွေးအသင်းတို့ ယှဉ်ပြိုင်မှုအပြီးတွင် ဆုများပေးအပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွင် ရတနာပုံအသင်းသည် ပြည်တွင်းကစားသမားများဖြင့် ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး ဇန်နဝါရီလအတွင်း ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်များတွင်း ရှုံးပွဲမရှိခဲ့ဘဲ တစ်ပွဲနိုင်၊ နှစ်ပွဲသရေကျခဲ့ရလဒ် ထွက်ရှိခဲ့သည်။

 ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၃ အပြီးတွင် ရတနာပုံအသင်းသည် အဆင့်၆ နေရာတွင် ရပ်တည်နေပြီး အမှတ်ပေးဇယား ထိပ်ဆုံးတွင် ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် ၆မှတ်ဖြင့် အဆင့်တစ်နေရာ၌ ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly