ဗိုလ်ချုပ်ကြေးရုပ်လွိုင်ကော်တွင် ဖွင့်လှစ်စဉ် ကရင်နီလူငယ်များ ပြည်နယ် NLD ရုံးရှေ့တွင် ထိုင်သပိတ်ဆင်နွှဲ

By ဇေယျာမော်
02 February 2019
ဗိုလ်ချုပ်ကြေးရုပ်လွိုင်ကော်တွင် ဖွင့်လှစ်စဉ် ကရင်နီလူငယ်များ ပြည်နယ် NLD ရုံးရှေ့တွင် ထိုင်သပိတ်ဆင်နွှဲ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ ။             ။ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိမည့်ကိစ္စအား ကန့်ကွက်နေမှုများရှိနေသော်လည်း ကယားပြည်နယ် အစိုးရက ဖေဖော်ဝါရီ ၂ ရက်နေ့တွင် လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံ၌ ကြေးရုပ်ဖွင့်ပွဲအား ပြုလုပ်ခဲ့သည်။

 လက်ရှိငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်နေသည့် ကာလအတွင်း၌ ဗိုလ်ချုပ်အောင်ဆန်း ကြေး ရုပ်တုအား ကယားပြည်နယ်အတွင်း၌ စိုက်ထူခြင်းမပြုသင့်ကြောင်း ပြည်နယ်အတွင်း၌ ဆန္ဒခံယူပြီးမှသာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စိုက်ထူသင့်ကြောင်း ကရင်နီပြည် လူငယ်အင်အားစုအဖွဲ့က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် သမ္မတဦးဝင်းမြင့်သို့ အိတ်ဖွင့်ပေးစာပေးပို့ခဲ့သည်။

 ယင်းသို့ စာပေးပို့ပြီး နောက်တစ်နေ့ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုး ဦးဆောင်ပြီး ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို ဖွင့်လှစ်ခဲ့သည်။

 ယင်းအတွက်ကြောင့် ကရင်နီပြည် လူငယ်အင်အားစုအဖွဲ့မှ ဦးဆောင်သူများသည် ကယားပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ရှေ့၌ စုဝေးနေပြီး ပါတီတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးရန် စောင့်စား နေသည်ဟု ကရင်နီပြည် လူငယ် အင်အားစုအဖွဲ့မှ ခွန်းသောမတ်စ် က မဇ္စျိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေဆို ခဲ့သည်။

 “အခု ပြည်နယ်ရုံးကို NLD ပါတီ ဗဟိုက တာဝန်ရှိသူတွေ တစ်ယောက်နှစ်ယောက်လာတယ်လို့ ကြားတယ်။ အဲ့ဒါကြောင့် NLD ပြည်နယ်ရုံးရှေ့မှာ ကျွန်တော်တို့ လူငယ်တွေ ထိုင်စောင့်နေကြတယ်။ ဘယ်လိုတွေ့ရမလဲ ဘယ်လိုဖြစ်မလဲ ဆိုတာတော့ မပြောတတ်သေးဘူး။ အခုစောင့်နေတုန်းပဲ”ဟု ခွန်းသောမတ်စ် က ဆိုသည်။

 လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိမည့်ကိစ္စနှင့် ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် ပြည်နယ်အစိုးရမှ ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း၌ ရုပ်တုဖြစ်မြောက် ရေးကော်မတီကို ဖျက်သိမ်းခဲ့သည်။

 ယင်းဖျက်သိမ်းခဲ့သည့်ကော်မတီသည် ပြည်နယ်အစိုးရက ကမကထပြုလုပ်ပြီး ဖွဲ့စည်းပေးထားသည့် ကော်မတီလည်း ဖြစ်သည်။

 ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုက ဒေသခံများ လူမှုရေးအဖွဲ့များပါဝင်သည့် ကော်မတီကို အသစ် ဖွဲ့စည်းပြီး ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောဆိုထားခြင်းများရှိသည်။ သို့သော်လည်း လက်ရှိ အချိန်တွင် မည်သည့် ကော်မတီမှ ဖွဲ့စည်းခြင်းမရှိဘဲ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို လွိုင်ကော်မြို့တွင် စိုက်ထူခဲ့ခြင်းဖြစ်သည်။

 ဗိုလ်ချုပ်ရုပ်ထု ထားရှိမည့်ကိစ္စနှင့်ပတ်သက်ပြီး လွိုင်ကော်မြို့တွင် ကန့်ကွက်ဆန္ဒပြခဲ့့ခြင်းကြောင့် ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် လူငယ် ၁၂ ဦး တရားစွဲဆိုခံထားရပြီး ကရင်နီသမိုင်းကြောင်းစာများ ဖြန့်ဝေခဲ့ခြင်းကြောင့် လူငယ် ၈ ဦးသည် လွိုင်ကော်၊ ဖရူဆို ၊ဒီမောဆိုး၊ ဖားဆောင်း နှင့် ဘော်လခဲမြို့နယ်တို့တွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) (ဂ) တို့ဖြင့်  တရားစွဲဆိုခံထားရသည်။

 
ဗိုလ်ချုပ်ရုပ်တု စိုက်ထူခြင်းကို ခန္တီးမြို့တွင်လည်း ကန့်ကွက်မှုများရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၃ ရက် က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗိုလ်ချုပ်အောင်ဆန်းရင်ပြင်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို သင်္ဘောဆေး လောင်းခံရမှု ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly