ဧရာဝတီမြစ်အတွင်း တွန်းသင်္ဘောတစ်စီး မီးလောင်နစ်မြှုပ်

By ဟန်ထူးဇော်
02 February 2019
ဧရာဝတီမြစ်အတွင်း တွန်းသင်္ဘောတစ်စီး မီးလောင်နစ်မြှုပ်

ပြည်၊ ဖေဖော်ဝါရီ ၂ ။          ။ ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ်ရှိ ဧရာဝတီမြစ်အတွင်း ရေလုပ်သား ၁ဝဦး လိုက်ပါလာသည့် တွန်းသင်္ဘော တစ်စီးသည် ဖေဖော်ဝါရီလ ၁ ရက်၊ နံနက် ၉နာရီခန့်က မီးလောင်ကာ နစ်မြှုပ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ပန်းတောင်းရဲစခန်းမှ သိရသည်။

 ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁ရက်နေ့၊ နံနက်၉နာရီဝန်ကျင်က  ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ်အပိုင်အတွင်းရှိ ဧရာဝတီမြစ်တွင် ရေယာဉ်လုပ်သား၁ဝဦးလိုက်ပါလာသည့် lucky star-2 အမည်ရှိ တွန်းသင်္ဘောတစ်စီးသည် ဧရာဝတီမြစ်အလယ်တွင် စက်ပျက်နေမှုကြောင့် ကျောက်ချရပ်နားထားခဲ့ရကြောင်း သိရသည်။

ထိုသို့ ရပ်နားထားစဉ် လက်ထောက်စက်ဆရာ ရှိုင်းကို ဆိုသူမှ သင်္ဘောစက်ပြင်ရန်အတွက် စက်ခန်းထဲရှိ မီးစက်ကို နှိုးလိုက်စဉ် မီးစက်အိတ်ဇောမှ မီးပန်းများထွက်ပြီး အနီးရှိ ဒီဇယ်ကန်ကို မီးကူးစက်ခဲ့ကာ သင်္ဘော မီးလောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးလောင်မှုကို ပြည်ခရိုင်မီးသတ်ဦးစီးဌာန၊ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ် တပ်ဖွဲ့ ဝင်များနှင့် ဒေသခံများမှ စုပေါင်းမီးငြိှမ်းသတ်ခဲ့စဉ် နံနက် ၁၁နာရီခွဲဝန်ကျင်၌ သင်္ဘောမှာ နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။သင်္ဘောမီးလောင်မှုကြောင့် ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၂ဦးမှာ စိုးရိမ်ဒဏ်ရာများကြောင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ထိုဖြစ်စဉ်အတွက် ရေယာဉ်စက်ခန်းအတွင်း မီးလောင်နိုင်သောပစ္စည်းအား ပေါ့ဆစွာသုံးစွဲသော ရှိုင်းကို အား ပုဒ်မ ၂၈၅/၃၃၈/၃၃၇ (ပ) ၉/၂၀၁၉ တို့ဖြင့် အမှု့ဖွင့်အရေးယူထားကြောင်း ပန်းတောင်းရဲစခန်းမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly