ဒေသခံပြည်သူအသွင်ယူ၍ AA က တိုက်ခိုက်နေဟု တပ်မတော် သတင်းထုတ်ပြန်

ဒေသခံပြည်သူအသွင်ယူ၍ AA က တိုက်ခိုက်နေဟု တပ်မတော် သတင်းထုတ်ပြန်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဖေဖေါ်ဝါရီ ၂ ရက် ။            ။ ရခိုင်အဖွဲ့ AA က ဒေသခံပြည်သူအသွင်ယူ၍ တပ်မတော်စစ်ကြောင်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဖေဖေါ်ဝါရီ ၁ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

AA သည် ဒေသခံပြည်သူများအသွင်ဖြင့် ဝင်ရောက်ပုံဖျက် လှုပ်ရှားနေသည်ဟု သတင်းအရ ဇန်နဝါရီ ၂၆ ရက်နေ့တွင် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာနှင့် ဇန်နဝါရီ ၂၈ ရက်နေ့တွင် အုန်းချောင်းကျေးရွာတို့သို့  နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော် စစ်ကြောင်းများတို့သည် ရှောင်တစ်ခင်ဝင်ရောက် စစ်ဆေး မှုများကို ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ ဝင်ရောက်ရာတွင် သမီးလှကျေးရွာအတွင်းရှိ ကိုင်းတောမှ အင်အား ၃၀ ခန့်ရှိသော AA အဖွဲ့ဝင်များက ရီမုမိုင်းငါးလုံးဖြင့် ဖောက်ခွဲ၍ လက်နက်ကြီး လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ရေးသားပါရှိသည်။

ယင်းအပြင် ဇန်နဝါရီ ၂၈ ရက်နေ့က အုန်းချောင်းကျေးရွာအနီးတွင် လုံခြုံရေးဆောင်ရွက်နေစဉ်တွင်လည်း အင်အား ၃၀ ခန့်ရှိသော AA အဖွဲ့ဝင်များက အုန်းချောင်းကျေးရွာ ဘုရားကုန်းပေါ်က ပစ်ခတ်ကာ ကျေးရွာများအတွင်းမှတဆင့် ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

တပ်မတော်၏ ရှောင်တခင် စစ်ဆေးမှုများအရ သမီးလှကျေးရွာနှင့် အုန်းချောင်းကျေးရွာများအနီး AA မိုင်းထောင် ဖောက်ခွဲခဲ့သည့် နေရာများ၊  ကျည်ခွံများအား တွေ့ရှိရပြီး ကျေးရွာများအတွင်းရှိ နေအိမ်၊ ခြံဝင်းများအတွင်း၌ လည်း ဗုံးခိုကျင်းများ ပြုလုပ်ထားသည်ကို တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားပါရှိသည်။

ရွာသူ၊ ရွာသားများ၏ နေအိမ်များမှ အဖိုးတန် လက်ဝတ်ရတနာများနှင့် မသက်ဆိုင်သည့် ပစ္စည်းများအား ယူဆောင်မှုနှင့် ပျောက်ဆုံးမှုရှိ/ မရှိကြောင်းကိုလည်း  ရွာသူ၊ ရွာသားများအား ပြန်လည် စစ်ဆေးစေ၍ စုံလင်မှုရှိ ကြောင်းကို ကျေးရွာရပ်မိ၊ ရပ်ဖများရှေ့၌ စနစ်တကျ လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ခဲ့ သည်ဟု ဖေဖေါ်ဝါရီ ၁ ရက်နေ့ ရက်စွဲဖြင့် တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေသခံပြည်သူများ အသွင်ယူထားသည့် AA အဖွဲ့ဝင်များကို ရှာဖွေနိုင်ရေးအတွက် ရခိုင်ကျေးရွာ၊ တိုင်းရင်းသားကျေးရွာနှင့် ဘင်္ဂါလီကျေးရွာများအား လုံခြုံရေးအရ စစ်ဆေးခြင်းနှင့် လုံခြုံရေးဆောင်ရွက်ရာတွင် တပ်မတော်စစ်ကြောင်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တရားဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် ညွှန်ကြားထားသည်ဟု ဆိုသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly