အလီရဲ့ မှော်ဝင်မှုနဲ့အတူ အာရှဖလားချန်ပီယံသစ်အဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့တဲ့ ကာတာ

အလီရဲ့ မှော်ဝင်မှုနဲ့အတူ အာရှဖလားချန်ပီယံသစ်အဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့တဲ့ ကာတာ
Photos: EPA

၂၀၁၉ အာရှဖလားပြိုင်ပွဲကြီးရဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ ကာတာအသင်းဟာ အာရှရဲ့ အင်အားကြီးအသင်း ဂျပန်ကို ၃-၁ ဂိုးနဲ့နိုင်ပြီး အာရှာဖလားချန်ပီယံအသစ်အဖြစ် သမိုင်းသစ်ရေးထိုးနိုင်ခဲ့တဲ့အပြင် တိုက်စစ်မှူး အယ်လ်မိုအလီကလည်း နှစ်ပေါင်း ၂၃ နှစ်ကြာ တင်ထားခဲ့တဲ့ ဒီပြိုင်ပွဲရဲ့စံချိန်မှတ်တမ်းတစ်ခုကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

ဆူဒန်ဖွား တိုက်စစ်မှူး အလီဟာ ပွဲချိန် ၁၂ မိနစ်မှာ လှပတဲ့ နောက်ပြန်ကန်ချက်နဲ့ အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ အလီဟာ အုပ်စုပွဲစဉ် ၃ ပွဲမှာ ၇ ဂိုး၊ ၁၆ သင်းအဆင့်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေအဖြစ် စုစုပေါင်း ၄ ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ကာ ကာတာအတွက် စုစုပေါင်း ၉ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ကာတာအသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် ၂၇ မိနစ်မှာ အဘူဒါဇစ်ဟက်တန်က သွင်းယူခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူး အလီဟာ ၁၉၉၆ အာရှဖလားပြိုင်ပွဲမှာ အီရန်တိုက်စစ်မှူး အလီဒါယီက ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့မှုက ဂိုအများဆုံးသွင်းယူမှုအဖြစ် စံချိန်တင်ထားတာဖြစ်ပေမယ့် ဒီစံချိန်ကို အလီက သွင်းဂိုး ၉ ဂိုးနဲ့ ချိုးဖျက်ပစ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အလီဟာ ဂိုးသွင်းဘုရင်ဆုနဲ့ ပြိုင်ပွဲရဲ့ တန်ဖိုးအရှိဆုံးကစားသမားဆုကိုပါ ရယူသွားနိုင်ခဲ့ပါတယ်။

“ကျနော်တို့နိုင်ငံအတွက် သမိုင်းသစ်ရေးထိုးခဲ့ပါတယ်။”လို့ ကာတာနည်းပြ ဖိလစ်ဆန်းချက်ဇ်က ပြောပါတယ်။

“ကျနော်တို့ဟာ ဒီအောင်မြင်မှုအတွက် ဂုဏ်ယူဝ့ံကြွားတတ်ဖို့ လိုအပ်ပါတယ်။ ဒါက ၂၀၂၂ အတွက် အဆင်သင့်ဖြစ်စေဖို့ နောက်ထပ်တက်လှမ်းမယ့် ခြေလှမ်းတစ်ရပ်လည်းဖြစ်ပါတယ်။”လို့ သူက ပြောပါတယ်။

ဂျပန်တိုက်စစ်မှူး မီနာမီနိုက ပွဲချိန် ၆၉ မိနစ်မှာ ချေပဂိုး သွင်းယူလိုက်ပြီး ၂-၁ ဂိုးအနေအထားဖြစ်သွားတာကြောင့် ကာတာအသင်းဟာ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ပွဲချိန် ၈၃ မိနစ်မှာ ဂျပန်အသင်းခေါင်းဆောင် ယိုရှီဒါရဲ့ လက်ထိဘောကို VAR စနစ်နဲ့ ပြန်လည်ကြည့်ရှုခဲ့ပြီးနောက်မှာ ဥဇဘတ်ကွင်းလယ်ဒိုင်လူကြီး အီမယ်ထရိုက ပင်နယ်တီဂိုးအဖြစ် ပေးခဲ့ပါတယ်။ ဒီပင်နယ်တီကိုတော့  အာကန်က သွင်းယူခဲ့ပါတယ်။

အဆိုပါပင်နယ်တီဂိုးနဲ့ ပတ်သက်လို့ ဂျပန်အသင်းခေါင်းဆောင် ယိုရှီဒါက “ဒီပွဲအရှုံးရလဒ်ကို လက်ခံဖို့ အခက်ခဲဆုံးထဲက တစ်ခုပါ။ တတိယဂိုးကတော့ လက်ခံဖို့ ခက်ခဲပါတယ်။ ဒီပင်နယ်တီက ပွဲကို သတ်လိုက်တာပါ။”လို့ ပြောဆိုခဲ့ပါတယ်။

ကာတာအသင်းဟာ ဒီပြိုင်ပွဲမှာ စုစုပေါင်းသွင်းဂိုး ၁၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးအသင်းလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကာတာဟာ ပြိုင်ပွဲတစ်လျှောက်မှာ ပေးဂိုး တစ်ဂိုးသာရှိခဲ့သလို ရာနှုန်းပြည့်အနိုင်နဲ့ အာရှဖလာားချန်ပီယံဖြစ်ခဲ့တဲ့ ၄ သင်းမြောက်အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly