နာဂဒေသတွင် တိုက်ပွဲများ ဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်

နာဂဒေသတွင် တိုက်ပွဲများ ဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂ ။          ။ နာဂဒေသကို တပ်မတော်က စစ်ဆင်ရေး၊ စစ်ကြောင်းအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားမှာ ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ် တံခါးကျေးရွာရှိ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) ဌာနချူ ပ်ကို ဇန်နဝါရီ ၂၉ ရက် မနက် ၁၁နာရီလောက်မှာ တပ်မတော်က အင်အား ၄၀၀ လောက်နဲ့ နယ်မြေရှင်းလင်းရေးအတွက်ဆိုပြီး ဝင်ရောက်နေရာယူခဲ့ပါတယ်။

"ဒေသခံတွေက ပြည်သူတွေဆိုတော့ အခုလိုတပ်မတော်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့အတွက် တော်တော်လေး ထိတ်လန့်နေကြတယ်။ ဘယ်လိုဖြစ်မလဲ ဘယ်လိုတိုက်ခိုက်ကြမလဲပေါ့။တခြားသောနယ်မြေတိုင်းရင်းသားတွေနဲ့ ဒီလိုစစ်ဆင်ရေးလုပ်ပြီး တိုက်ခိုက်ကြတဲ့အခါမှာ ဒုက္ခသည်တွေ ဘယ်လိုဖြစ်တယ်တဲ့ဆိုတဲ့ ကြားဖူးနားဝတွေရှိတဲ့အခါကြတော့ အဲ့ဒီလိုတွေဖြစ်မှာကို ပြည်သူလူထုက စိုးရိမ်နေကြတာပါ " လို့ နာဂငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ အဖွဲ့ဝင် ဦးကျော်ဝင်းဆွေက မဇ္ဈိမကို ပြောပါတယ်။

လက်ရှိ NSCN - K ၏ဌာနချုပ်မှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခန္တီးဗျူဟာမှူးဦးဆောင်သော တပ်ရင်း ၆ ရင်း၊ အင်အား ၄၀၀ လောက်ဖြင့် တပ်စွဲထားပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း နေအိမ်မီးရှို့မှုတွေရှိနေတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ရှိလက်နက်ကိုင်အဖွဲ့အစည်းနှင့်သောင်းကျန်းသူများက NSCN- နေထိုင်သည့် ဒေသများတွင် ခိုလှူံ မှုများရှိနေသောကြောင့် နှစ်နိုင်ငံသဘောတူညီချက်အရ တပ်မတော်မှနယ်မြေရှင်းလင်းရေးများဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

" ကျွန်တော်ပြောနိုင်တာက တံခါးဒေသဘက်မှာ တပ်မတော်က လုံခြုံရေးအရ ဆောင်ရွက်နေတာတွေရှိပါတယ်။မပြီးသေးပါဘူး။ ကျွန်တော်တို့ပြီးရင် သတင်းထုတ်ပြန်ပေးပါ့မယ် " လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ခံ ဗိုလ်မှူ းချုပ်ဇော်မင်းထွန်းက မဇ္ဈိမကို ပြောပါတယ်။

NSCN - K သည်  အစိုးရနှင့်၂၀၁၂ ခုနှစ်၊ ဧပြီလ ၉ ရက်တွင် တိုင်းဒေသကြီးအဆင့် အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly