မကွေးတွင် တပ်မတော်လေယာဉ်ပျက်ကျရာမှ ကျန်ရှိသော ဒုံးကျည်ကို ဖောက်ခွဲဖျက်ဆီး

မကွေးတွင် တပ်မတော်လေယာဉ်ပျက်ကျရာမှ ကျန်ရှိသော ဒုံးကျည်ကို ဖောက်ခွဲဖျက်ဆီး

မင်းဘူး၊ ဖေဖော်ဝါရီ ၁ ။         ။ ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁၆ရက် နံနက်ပိုင်းက လေ့ကျင့်ပျံသန်းမှုဆောင်ရွက်နေစဉ် မင်းဘူးမြို့နှင့် စကုမြို့အကြား ပျက်ကျခဲ့သော လေယာဉ် ၂ စင်းမှ ကျန်ရှိခဲ့သော ဒုံးကျည်ကို သယ်ယူရန် မဖြစ်နိုင်သဖြင့် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်တွင် မင်းဘူး၌ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက ဆိတ်ကျောင်းသူတစ်ဦးက တွေ့မြင်ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ ဆိတ်ကျောင်းတဲ့ကောင်လေးက အကြောင်းကြားတယ်။  အုပ်ချုပ်ရေးမှူး၊ ဗုံးလို့ ယူဆရတဲ့ အရာ တွေ့နေတယ်ပြောတယ်။ ကျွန်တော်တို့ရဲစခန်းကို အကြောင်းကြားတယ်။ မနက်အစောကြီး လေတပ်ကို လည်း လှမ်းအကြောင်းကြားတယ်။ ရဲရယ်၊ ကျွန်တော်တို့ ရယက အဖွဲ့တွေရယ်၊ သွားကြည့်ကြတယ်။ လေတပ်က ဗိုလ်မှူးက ကျွန်တော်တို့ ကိုက် ၅၀၀ အတွင်း ပြည်သူလူထုတွေ မရှိအောင် တားဆီးပေးပါဆိုတော့ ကျွန်တော်တို့ တားဆီးပေးတယ်။ အန္တရာယ်မရှိအောင် သဲတွေ ကာရံပြီးတော့ ဖောက်ခွဲပစ်လိုက်တာပါ” ဟု  မင်းဘူးမြို့၊ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးလှိုင်က ပြောသည်။

မင်းဘူးမြို့၊ အမှတ် ၁ ဆားပွက်ချောင်း တံတားအနီး တပ်မတော်လေယာဉ်ပျက်ကျရာနေရာ၏  အရှေ့မြောက်ဘက် ကိုက် ၅၀၀ ခန့်အကွာတွင် အမျိုးအမည်မသိ စစ်လက်နက်အကြွင်းအကျန်အား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ မကွေးလေတပ်စခန်းဌာနချုပ်မှ အက်ဖ်- ၇ လေယာဉ် နှစ်စီးသည် လေ့ကျင့်ပျံသန်းမှုများပြုလုပ်ပြီး မကွေးလေတပ်စခန်းဌာနချုပ် လေယာဉ်ကွင်းသို့ ပြန်လာစဉ် ရာသီဥတုရုတ်တရက် ဆိုးရွားမှုနှင့်ကြုံတွေ့ပြီး နံနက် ၇ နာရီခွဲအချိန်ခန့်တွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။

တစ်စင်းမှာ မင်းဘူးမြို့ ၊ အမှတ် ၁ ရပ်ကွက်နှင့် တပင်ကျေးရွာအကြား ဆားပွက်ချောင်းတံတား၏ အရှေ့ မြောက်ဖက်၊ ကိုက် ၅၀၀ အကွာ တစ်ယောက်မောင်း တိုက်လေယာဉ်တစ်စင်း ပျက်ကျနေခြင်းဖြစ်ပြီး လေထီးနှင့်အတူ အမျိုးသားတစ်ဦး၏အလောင်း တွေ့ရှိခဲ့သည်။

မင်းဘူးတွင် ဖြစ်ပွားစဉ် နေရာအနီးတွင် ရှိနေသူ မသွယ်ဇင်ငြိမ်း အသက် (၁၀)နှစ်မှာ လေယာဉ်အစိတ်အပိုင်းစ ထိမှန်သဖြင့် သေဆုံးသွားခဲ့သည်။

စကုမြို့နယ်၊ သနပ်ပင်ကျေးရွာဘက်လည်း မကွေးတပ်မတော်လေယာဉ်တစ်စင်း ထပ်မံပျက်ကျခဲ့ပြီး လေယာဉ် နှစ်စင်းလုံးမှ လေယာဉ်မှူးများ သေဆုံးခဲ့သည်။

နောက်ဆက်တွဲ သတင်းများအရ  ပျက်ကျခဲ့သော လေယာဉ်၏ လေယာဉ်ပစ်ပဲ့ထိန်းဒုံးကျည်ဖြစ်ကြောင်း သိရှိရပြီး လေတပ်စခန်းဌာနချုပ်သို့ ပြန်လည်သယ်ယူရန် အန္တရာယ်ရှိသောကြောင့် ကိုက်၅၀၀ အကွာအဝေးကို ရှင်းလင်းပြီး ဖောက်ခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly