မော်လမြိုင်-မုဒုံကားလမ်းတွင် မိုးကောင်းကင်ယာဉ်နှင့် လိုက်ထရက် တိုက်မိ၊ ၃ ဦးသေဆုံး

မော်လမြိုင်-မုဒုံကားလမ်းတွင် မိုးကောင်းကင်ယာဉ်နှင့် လိုက်ထရက် တိုက်မိ၊ ၃ ဦးသေဆုံး
ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ။         ။ မော်လမြိုင်မြို့နယ်၊ နောင်ခရီ ရပ်ကွက်ရတခ (ဘက်စုံမွေးမြူရေး တပ်ဝင်း)အနီး မော်လမြိုင်-မုဒုံကားလမ်းတွင် မိုးကောင်းကင်ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်တစ်စီးနှင့် လိုက်ထရက်ယာဉ်တစ်စီးတို့ တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၃ဦးသေဆုံးကာ ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ ည၁၂နာရီ ၄ မိနစ်တွင် မော်လမြိုင်မြို့နယ်၊ နောင်ခရီ ရပ်ကွက် ရတခ (ဘက်စုံမွေးမြူရေး တပ်ဝင်း)အနီး မော်လမြိုင်-မုဒုံကားလမ်း၌ ယာဉ်မောင်းကျော်စွာလင်း (၃၅)နှစ် တောကြီးကျေးရွာ၊ ငပုတောမြို့နယ် နေသူ မောင်းနှင်သော ထားဝယ်ဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင် လာသည့် 9L/×××× မိုးကောင်းကင် ခရီးသည်တင်ယာဉ်သည် ဆိုင်ကယ်အား ကျော်တက်စဉ် မျက်နှာချင်း ဆိုင်မှ ကျောင်းသစ်ရပ်ကွက်၊ မုဒုံမြို့နေသူ ဦးတင်ကို(၄၅)နှစ် မောင်းနှင်လာသည့် 4F/×××× Light Truck ယာဉ်အား တိုက်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်တိုက်မှုကြောင့်  Light Truck ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဦးတင်ကို အပါအဝင် ၃ ဦးတွင် ဦးခေါင်းပေါက်ပြဲ/ ပါးစပ်သွေးထွက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဦးဝင်းထွန်း(၃၃)နှစ် မြို့မ(၁)ရပ်ကွက် မုဒုံမြို့နေသူအပါအဝင် ၃ ဦးတွင် ဦးခေါင်းဖူးရောင် ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

၎င်းတို့ကို နံနက် ၁နာရီ ၁၀ မိနစ်တွင် မော်လမြိုင်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး နံနက် ၈ နာရီ ၁၅ မိနစ်တွင် မိုးကောင်းကင် ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်း ကျော်စွာလင်း(ဖမ်းမိ)အား မုပွန်နယ်မြေ ရဲစခန်း၌  ယာဉ် (ပ)၂/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ၃၀၄-က/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု / သာမန်နာကျင် စေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly