ရဲစည်းကမ်း ဖောက်ဖျက်တာ မရှိဘူး ဟု ဒုရဲမှူး​ဟောင်းမိုးရန်နိုင် အကျဉ်​း​ထောင်​မှအထွက်တွင် ပြော

ရဲစည်းကမ်း ဖောက်ဖျက်တာ မရှိဘူး ဟု ဒုရဲမှူး​ဟောင်းမိုးရန်နိုင် အကျဉ်​း​ထောင်​မှအထွက်တွင် ပြော
ဓာတ်ပုံ - သူရ/မဇ္စျိမ

ရန်​ကုန်​၊ ​ဖေ​ဖော်​ဝါရီလ ၁ ။           ။ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မ- ၁၆(ခ) ၂၂ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်ချမှတ်ခံခဲ့ရသည်​့ ဒုရဲမှူး​ဟောင်းမိုးရန်နိုင်က သူ့အနေဖြင့် ဘာ ရဲစည်းကမ်းဖောက်ဖျက်တာမျိုး မရှိဘူးဟု ယနေ့ အင်းစိန်ထောင်မှ အထွက်တွင် ပြောဆိုလိုက်သည်။

ဖေ​ဖော်​ဝါရီလ ၁ ရက်​​နေ့၊ နံနက်​ပိုင်​းတွင်​ အင်​းစိန်​အကျဉ်​း​ထောင်​မှ ပြန်လည်​​လွတ်​​မြောက်​ခဲ့ခြင်း ဖြစ်သည်​။

ရဲစည်းကမ်းဖောက်ဖျက်သည်ဟု ပြောဆိုခြင်းနှင့်ပတ်သက်၍ " ကျွန်တော့် ရဲသက်တမ်းဘဝတစ်လျှောက်လုံး ကျွန်တော် ဘာရဲစည်းကမ်းမှ ဖောက်ဖျက်တာ မရှိဘူး။ ဖောက်ဖျက်တယ်လို့ ပြောလို့ရတာက ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဆိုတာ ကျွန်တော်တို့ ဒီ Law တွေနဲ့ ၊ ဥပဒေအရဆို စံချိန်စံညွှန်းတွေနဲ့ မီတဲ့ဥပဒေတစ်ခု မဟုတ်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေအတွက် အများကြီး နစ်နာတဲ့ ဥပဒေတစ်ခုလို့ ကျွန်တော် မှတ်ယူတယ်။ ဘာကြောင့်  ဒီ ဥပဒေဟာလည်း ဒီမိုကရေစီချီတက်တဲ့လမ်းကြောင်းမှာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဟာလည်း  ပြုပြင်ရမဲ့ဥပဒေတစ်ခုလို့ ကျွန်တော် မြင်တယ်။

ထောင်ဒဏ်ချမှတ်ခံရသည့်အပေါ် “ ဘာမှ ပြောစရာမရှိပါဘူး။ ကျွန်တော်က ဗုဒ္ဓဘာသာပါပဲ။ ကိုယ်က ဖြေသိမ့်နိုင်ပါတယ်" ဟု ယနေ့ အကျဉ်းထောင်မှ အလွတ်တွင် သူက ပြောသည်။

ဒုရဲမှူးဟောင်း မိုးရန်နိုင်သည် ရိုက်တာသတင်းထောက်နှစ်ဦးနှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်ပြီး အင်တာဗျူးဖြေပေးခဲ့ခြင်းကြောင့် ၂ဝ၁၇ ဒီဇင်ဘာလ၊ ၁၂ ရက်တွင် ဖမ်းဆီးခံခဲ့ရပြီး ယင်းနောက် ရာထူးမှ ထုတ်ပယ်ခံရကာ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မ- ၁၆(ခ) ၂၂ ဖြင့် ၂ဝ၁၈ ခုနှစ်၊ ဧပြီလ ၂၇ ရက်​တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုတွင်လည်း ဦးမိုးရန်နိုင်က တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့ရာတွင် သတင်းထောက်နှစ်ဦးအား ထောင်ချောက်ဆင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည့်အကြောင်း၊ ထောက်ချောက်ဆင် ဖမ်းဆီးမှုအား ရဲမှူးချုပ် တင်ကိုကိုက ဦးစီးကွပ်ကဲခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ချထွက်ဆိုခဲ့သူဖြစ်သည်။

ထို့ကြောင့် ဒုရဲမှူးဟောင်း မိုးရန်နိုင်အား နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ပေးသည့် ဦးဝင်းတင် ဖောင်ဒေးရှင်းမှ ဂုဏ်ပြုခဲ့သည့်အပြင် Pen Myanmar မှလည်း ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဦးမိုးရန်နိုင်အား  လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာကာကွယ်ကျင့်သုံးသူဆုကို ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly