နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ချယုံကြည်မှုကို ရရှိရန် ကြိုးပမ်းမည်ဟု ဆို

နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ချယုံကြည်မှုကို ရရှိရန် ကြိုးပမ်းမည်ဟု ဆို

ဇန်နဝါရီ ၃၁ ။            ။ နိုင်ငံအတွင်း လာရောက် ရင်းနှှီးမြှုပ်နှံသူများ၏ စိတ်ချယုံကြည်မှုကို အသေအချာရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်ဆံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက World Economic Forum 2019 အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံရှိ Davos-Kolsters တွင် ဇန်နဝါရီ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့ထိ ၄ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး နှစ်စဉ်ကျင်းပနေသော အစည်းအဝေးလည်း ဖြစ်သည်။

“ဒီကြိုးစားမှုများက ရင်းနှီးမြှုပ်နှံသူတွေကို ယုံကြည်မှု တိုးစေလာမှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူတွေဖက်ကလည်း ပြန်လည် ဆွေးနွေးပြောဆိုမှုတွေကို ကြိုဆိုပါတယ်။ စိန်ခေါ်မှုတွေကတော့ ဆက်ရှိနေမှာ ဖြစ်ပေမယ့် ကျွန်တော်တို့အနေနဲ့ရော ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ရော ဟန်ချက်ညီညီ အတူတကွ ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်။” ဟု ဦးသောင်းထွန်းက ဆိုသည်။

ယခုနှစ်တွင် အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆောင်ရွက်မှုများကို အဓိကထား လုပ်ဆောင်နေသည်ဟု ဦးသောင်းထွန်းက အစည်းအဝေးတွင် ပြောကြားခဲ့ပြီး အာဆီယံဒေသတွင်း ကူးလူးဆက်သွယ်ရန် လွယ်ကူမှုတို့သည် မြန်မာနိုင်ငံ၏ အချက်အချာ ဖြစ်ကြောင်းကို အလေးပေး ဖိတ်ခေါ်ခဲ့သည်။

အထူးသဖြင့် သီလဝါအထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူစီးပွားရေးဇုန်များတွင် လာရောက် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ဖို့ကို ရည်ညွှန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် အစိုးရအနေဖြင့် လာမည့် နှစ် ၂၀ အတွင်းတွင် ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် မကသည့် ရေရှည်တည်တံ့ခိုင်မြဲပြီး စိတ်ချရသော အရည်အသွေးမြင့် စီးပွားရေးလုပ်ငန်းများကို ပိုမို ဆွဲဆောင်နိုင်သည့် စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ရေး စီမံကိန်းများ ရေးဆွဲထားသည်ဟု သိရသည်။

ထိုစီမံကိန်းများ အကောင်ထည်ပေါ်လာစေရေးအတွက်လည်း ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်များနှင့် နိုင်ငံတကာ စျေးကွက်၊ ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်များ ကဏ္ဍအသစ်များ ပေါ်ပေါက်လာစေရန် ဆောင်ရွက်လျက်ရှိနေသည်ဟု ဦးသောင်းထွန်းက ဆိုသည်။

“လောလောဆယ်မှာ ကြီးမားတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ မတွေ့ရသေးတာဟာ ပိုမိုကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု အနေအထားတွေ ဖြစ်လာအောင် ကြိုးစားလုပ်ကိုင်ကြဖို့ အရေးကြီးတာကို မီးမောင်းထိုးပြနေတာ ဖြစ်ပါတယ်။” ဟု ဦးသောင်းထွန်းက ပြောသည်။

ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ် ၂၀၁၉ ကို ဦးသောင်းထွန်းအပါဝင် ပြည်နယ်နှင့် တိုင်းအစိုးရ အကြီးအကဲ ၆၅ ဦးနှင့် အစိုးရဝန်ကြီး အယောက် ၁၀၀ ကျော်နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး၊ အကြီးတန်းအရာရှိများနှင့် အမှုဆောင်အရာရှိချုပ် ၈၀၀ ကျော်၊ စီးပွားရေးလုပ်ငန်းခေါင်းဆောင်များ အားလုံးပေါင်း အယောက် ၃၀၀၀ ကျော်က တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ထိုအစည်းအဝေးတွင် လတ်တလော အဓိက ကြုံတွေ့နေရသော တစ်ကမ္ဘာလုံးဆိုင်ရာ ပြဿနာများနှင့် ထို စိန်ခေါ်မှုများအတွက် ဖြေရှင်းချက်များကို တိုင်ပင်ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly