လေကြောင်းတိုက်ခိုက်မှုများဖြင့် ဆီးရီးယားစစ်ပွဲအတွင်းသို့ ရုရှဝင်ရောက်လာ

လေကြောင်းတိုက်ခိုက်မှုများဖြင့် ဆီးရီးယားစစ်ပွဲအတွင်းသို့ ရုရှဝင်ရောက်လာ

မော်စကို၊ အောက်တိုဘာ ၁ ။           ။ ၁၉၇၉ ခုနှစ် အာဖဂန်နစ္စတန်ကို သိမ်းပိုက်ပြီးနောက်ပိုင်း ရုရှသည် ဆိုဗီယက်ပြည်ထောင်စုဟောင်း၏ ပြင်ပတွင် ပထမဆုံး စစ်ရေးစွက်ဖက်မှုအဖြစ် စက်တင်ဘာ ၃၀ရက်က လေကြောင်းတိုက်ခိုက်မှုများ စတင်ပြုလုပ်ခြင်းဖြင့် ဆီးရီးယားစစ်ပွဲအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ရုရှသမ္မတ ဗလာဒီမာပူတင်သည် ဆီးရီးယားရှိ အိုင်အက်စ်အုပ်စုကို အနိုင်တိုက်ရန် ပြိုင်ဘက်အစီအစဉ်တစ်ခုကို ဖော်ဆောင်ခြင်းဖြင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ အရေးပါမှုကို ချေဖျက်ရန် ကြိုးပမ်းလျက်ရှိစဉ် ရုရှစစ်လေယာဉ်များသည် ဆီးရီးယားအစိုးရ၏ စစ်လေယာဉ်များနှင့် အတူ ပြည်နယ်အချို့တွင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

မော်စကိုနှင့် ဒမတ်စကတ်တို့က စစ်ဆင်ရေးမှာ အိုင်အက်စ်စစ်သွေးကြွများကို ပစ်မှတ်ထားခြင်းသာ ဖြစ်ကြောင်းတင်ပြခဲ့ပြီး ဟာမာနှင့် ဟွမ်စ်ပြည်နယ်များရှိ အကြမ်းဖက်သမားတို့၏ စခန်းများကို ထိမှန်ခဲ့ သည်ဟု ဆီးရီးယားလုံခြုံရေးသတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

ထို့အပြင် ရုရှသည် ဆီးရီးယားအစိုးရ ခံတပ်တစ်ခုဖြစ်သော လာတာကီးယားပြည်နယ်တွင် ပြုလုပ်သော အစိုးရ၏ လေကြောင်းတိုက်ခိုက်မှုများကို ကူညီခဲ့သည်ဟု သိရသည်။ သို့သော်လည်း ရုရှသည် အိုင်အက်စ်တို့ကို ပစ်မှတ်ထားနေခြင်းမဟုတ်ဘဲ ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်ကို ခြိမ်းခြောက်နေသော အတိုက်အခံသူပုန်များကိုသာ ပစ်မှတ်ထားနေခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း အမေရိကန်က ပြောသည်။

" အိုင်အက်စ်တွေကို တိုက်ခိုက်တာ ဘာမှ မမြင်ရသေးပါဘူး။ ဆီးရီးယားအတိုက်အခံတွေကို တိုက်ခိုက်နေတာသာ မြင်ရတာပါ " ဟုအမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦးက ဝါရှင်တန်တွင် ဂျာနယ်လစ် များကို ပြောကြားခဲ့သည်။

တိုက်ခိုက်မှုများမှာ အိုင်အက်စ်များ ရှိမနေသည့် နေရာများတွင်သာ ဖြစ်ပေါ်နေဟန်ရှိသည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာကလည်း ပြောကြားခဲ့သည်။ သို့သော်လည်း သွေးစွန်းသော ဆီးရီးယားသပြည်တွင်းစစ်အတွင်းသို့ ရုရှားဝင်ရောက်လာမှုမှာ ပဋိပက္ခကိုပိုမိုရှည်ကြာစေမည့်အပြင် ဆန့်ကျင်ဘက်ဆိုးကျိုးများသာ ဖြစ်ပေါ်လာနိုင်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၇ ရက်နေ့ကမှ ဆီးရီးယားရှိ အိုင်အက်စ်များကို ပထမဆုံးအကြိမ်လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သော ပြင်သစ်ကလည်း ရုရှ၏ ရည်မှန်းချက်များနှင့် ပတ်သက်၍ သံသယများမြင့်မားလာခဲ့ သည်။ ဆီးရီးယားနိုင်ငံတွင်း ရုရှ၏ စစ်ရေးပတ်သက်မှုမှာ အာဆတ်အာဏာတည်မြဲရေးအတွက်သာ ဖြစ်မည်ဟု ပြင်သစ်ကဆိုသည်။

၎င်းတို့အနေဖြင့် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ပြုလုပ်ခဲ့ပြီး အိုင်အက်စ်ပစ်မှတ် ရှစ်ခုကိုထိမှန်ခဲ့သည်ဟု ရုရှကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောသည်။ သို့သော်လည်း ရုရှ၏ ဗုံးကြဲတိုက်ခိုက်မှု တစ်ခုကြောင့် ဟွမ်စ်ပြည်နယ်တွင် ကလေး ငါးဦးအပါအဝင် အရပ်သား ၃၆ ဦးသေဆုံးခဲ့သည်ဟု ဆီးရီးယား၏ အဓိကအတိုက်အခံအုပ်စု National Coalition ၏ အကြီးအကဲ ခါလက်ခိုဂျာ ကအေအက်ဖ်ပီ သို့ပြောကြားခဲ့သည်။

အာဆတ်အာဏာတည်မြဲနေခြင်းက နိုင်ငံရေးအရဖြေရှင်းရန် မဖြစ်နိုင်ဟု အနောက်အင်အားကြီးနိုင်ငံများက ယူဆနေသော်လည်း အိုင်အက်စ်တို့ကို အနိုင်ယူရန် တစ်ခုတည်းသော နည်းလမ်းမှာ ဆီးရီးယားအစိုးရကို ထောက်ခံပံ့ပိုးခြင်းသာ ဖြစ်သည်ဟု ရုရှက စောဒကတက်လျက်ရှိသည်။ ဆီးရီးယားတွင် တိုက်ခိုက်မှုပြုလုပ်ရန် ပူတင်သည် ပါလီမန်၏ ခွင့်ပြုချက်ကို ရရှိခဲ့သည်။

ရုရှ၏ သြဇာကြီးမားသော အော်သိုဒေါ့ဘုရားကျောင်းကလည်း လေကြောင်းတိုက်ခိုက်မှုကို ထောက်ခံခဲ့ပြီး မြင့်မြတ်သောတိုက်ပွဲတစ်ခုအဖြစ် ခေါ်ဆိုခဲ့သည်။ ဆီးရီးယားတွင် ရုရှတို့ စစ်ရေးအရ ပါဝင်လာခြင်းက အမေရိကန်တို့နှင့် ထိပ်တိုက်တွေ့မည်ကို အချို့က စိုးရိမ်လျက်ရှိသည်။

Levada Centre ကမကြာသေးမီက ပြုလုပ်ခဲ့သော လူထုသဘောထားစစ်တမ်းတစ်ခုအရ ဆီးရီးယားတွင် မော်စကိုက တပ်များချထားမှုကို ရုရှလူမျိုး ၆၉ ရာခိုင်နှုန်းက ဆန့်ကျင်ပြီး ၁၄ ရာခိုင်နှုန်း ကသာထောက်ခံသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly