မကွေးတွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်လျှေက်ထားမှု ယမန်နှစ်ထက် များပြား

မကွေးတွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်လျှေက်ထားမှု ယမန်နှစ်ထက် များပြား

မကွေး၊ ဇန်နဝါရီ ၃၁ ။               ။ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်လျှောက်ထားသူအရေအတွက် မှာ (၈၆၉၄၇) ဦးရှိလာပြီး အဆိုပါအရေအတွက်သည် ယမန်နှစ်ထက် များပြားလာကြောင်း မကွေးတိုင်း ဒေသကြီး အခြေခံပညာဦးစီးဌာနမှ သိရသည်။

“၂၀၁၉ ခုနှစ်မှာ မကွေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်လျှောက်ထားသူ ၈၆၉၄၇  ဦးရှိပြီး ၂၀၁၈ ခုနှစ်မှာလျှောက်ထားသူ ၈၀၈၁၉ ဦးသာရှိခဲ့တဲ့အတွက် ယခုနှစ်မှာ မကွေးတိုင်းဒေသကြီး အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်လျှောက်ထားသူဟာ ယခင်နှစ်ကထက် ၆၀၀၀ ကျော်တိုးလာ ပါတယ်”ဟု  မကွေးတိုင်းဒေသကြီး၊ အခြေခံပညာဦးစီးဌာန၊ ကာယကျောင်းကျန်းမာစာကြည့်တိုက်မှ လက်ထောက် ညွန်ကြားရေးမှူး ဦးဝင်းဖေက ပြောသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတင်ထားသူများ၏ စာရင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန သို့ ပေးပို့ထားပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်လျှောက်ထားသူ အရေအတွက် တိုးတက်လာမှုကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာစစ်ဌာနများလည်း တိုးချဲ့လာကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ်က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်စာစစ်ဌာန(၁၆၀)သာရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်စာစစ်ဌာန(၁၇၈)ခုရှိသဖြင့် ယခင်နှစ်ကထက် စာစစ်ဌာန (၁၈)ခု တိုးလာကြောင်း သိရသည်။

"တက္ကသိုလ်ဝင်ဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေ ကိုယ့်ဒေသမှတင်ကို စိတ်အေးချမ်းသာစွာနဲ့ စာမေးပွဲဖြေဆိုနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပါတယ် "ဟု ဦးဝင်းဖေက ဆက်ပြောသည်။

၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၁၉ခုနှစ် မတ်လ ၆ရက်နေ့မှစတင်ကာ ဘာသာရပ်အလိုက်ဖြေကြား မည်ဖြစ်ပြီး မတ်လ ၁၅ ရက်နေ့အထိဖြေဆိုမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန က  ကြေငြာထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly