လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

စကားပြောတဲ့အခါမှာပဲဖြစ်ပစေ၊ စာချရေးတဲ့အခါမှာပဲဖြစ်ပစေ လိပ်ပတ်လည်အောင် ပြောတတ် ရေးတတ်သူဟာ သူပြောတဲ့ရေးတဲ့စာကို အစ၊ အလယ်၊ အဆုံး ပြည့်စုံအောင် ပြောပြတတ် ရေးပြတတ်သူဖြစ်ပါတယ်။  တချို့က သူ ဘာပြောချင်တယ်ဆိုတာ သူကိုယ်တိုင်က ဂဃနဏ မသိထား မစဉ်ထားလို့ နားထောင်ရတဲ့သူ ဖတ်ရှုရသူဟာ အဓိပ္ပါယ်ရှင်းလင်း ပြည့်စုံအောင် မသိနိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အသိရှုပ်ရင် အပြောလည်း ရှုပ်တော့တာပါပဲ။
 
စကားပြောကောင်းသူ စာရေးကောင်းသူဆိုတာ သူကိုယ်တိုင်က အတွေးရှင်းထားသူဖြစ်ပါ။ သူပြောချင်တဲ့အကြောင်းအရာကို သူကိုယ်တိုင်ကမှ အစ အလယ် အဆုံး ကပြောင်းတိကပြောင်းပြန်ဖြစ််နေရင် နားထောင်သူ ဖတ်ရှုသူအဖို့ ပိုပြီး ရှုပ်ထွေးဝေ၀ါးဖြစ်ရပြီပေါ့။

အခု ကျနော်တို့ပြောလာခဲ့တာ စာတစ်ပုဒ်ရဲ့ အစနဲ့ အဆုံးကို ပြောခဲ့ကြပါတယ်။ အစကောင်းအောင် ဘယ်လိုရေးသင့်တယ် ဘယ်သူတွေက အစကောင်းအောင် ဘယ်လိုရေးခဲ့ကြတယ်ဆိုတာ ကျနော်တို့ ဥပမာတွေနဲ့ ပြောခဲ့ကြပါတယ်။ ဒါ့အပြင် စာတစ်ပုဒ်ရဲ့နိဂုံးကိုလည်း ဘယ်လိုရေးတတ်ကြတယ်ဆိုတာ ဥပမာတွေနဲ့တကွ လေ့လာခဲ့ကြပါတယ်။

ဒါကြောင့်မို့ ဒီကနေ့တော့ စာတစ်ပုဒ်ရဲ့ ကိုယ်ထည်ပိုင်းအကြောင်း ကျနော်တို့ ဆက်သွားကြရအောင်ပါ။

စာတစ်ပုဒ်မှာ နိဒါန်းပိုင်း နိဂုံးပိုင်းရယ်လို့ရှိသလို ကိုယ်ထည်ပိုင်းဆိုတာလည်း ရှိပါတယ်။ ယေဘုယျအားဖြင့်ပြောရရင် ကိုယ်ထည်ပိုင်းဟာ လိုအပ်သလို အပိုဒ်များစွာ ခွဲရေးလို့ရတဲ့အပိုင်းပါပဲ။ နိဒါန်းနဲ့ နဂုံးဆိုတာကတော့ ကိုယ်ထည်ပိုင်းလို အပိုဒ်များများ ခွဲရေးဖို့ မလွယ်တဲ့ မလိုတဲ့အပိုင်းတွေပါပဲ။ နိဒါန်းက စာပုဒ်တစ်ပုဒ်လုံးရဲ့ဆိုလိုချက်အနှစ်ကို ချရေးပြီး ကိုယ်ထည်ပိုင်းအတွက် လမ်းခင်းပေးသလိုဖြစ်ပြီး နိဂုံးပိုင်းကြတော့ စာပုဒ်တစ်ခုလုံးကို အနားသပ်ပေးတဲ့သဘော စာတစ်ပုဒ်ရဲ့ အကြောင်းအရာကို နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဆိုသလို ပိုမိုပီပြင်ထင်ရှားရလေအောင် ယတိပြတ်နောက်ဆုံးပြောလိုက်တဲ့သဘောပါပဲ။

ကိုယ်ထည်ပိုင်းကလည်း နိဒါန်းပိုင်းနဲ့ နိဂုံးပိုင်းလိုပဲ သူ့မှာလည်း တာဝန်ရှိတဲ့အပိုင်းလို့ပြောရမှာပါ။ ကိုယ်ထည်ပိုင်းရဲ့တာဝန်က ဘာလဲ။ ကိုယ်ထည်ပိုင်းရဲ့ အဓိကတာဝန်က နိဒါန်းပိုင်းက တင်လိုက်တဲ့အဆို သို့မဟုတ် လမ်းခင်းမှု သို့မဟုတ် ဦးတည်ချက်ကို အချက်အလက် အခက်အတက်တွေနဲ့ တဆင့်ပြီးတဆင့် ဘက်ပေါင်းစုံကနေပြီး ပီပြင်ထင်ရှားလာရအောင် အသေးစိပ်ရှင်းလင်းဖွင့်ဆိုရတဲ့တာဝန်ကို ကိုယ်ထည်ပိုင်းကယူရပါတယ်။

ဒီနေရာမှာ ဆရာကြီးမောင်ခင်မင်(ဗနုဖြူ)က စာတစ်ပုဒ်ရဲ့ ကို်ယ်ထည်ပိုင်းက လေးမျိုးခွဲပြီး လေ့လာလို့ရကြာင်း ပြောထားတာရှိပါတယ်။ သရုပ်ဖေါ်၊ ဖြစ်စဉ်ပြ၊ ဖွင့်ဆိုရှင်းပြ၊ ကျိုးကြောင်းပြ ဆိုပြီး ကိုယ်ထည်ပိုင်းက ပြဆိုဆောင်ရွက်ရတဲ့ အဖွဲ့လေးဖွဲ့ဆိုပြီး ခွဲခြမ်းစိတ်ဖြာပါတယ်။ ဒီအပေါ်မှာ ကျနော်တို့ဆက်လက်ဆွေးနွေးချင်ပါတယ်။

ဒီဖွင့်ဆိုချက် လေးခု သို့မဟုတ် ကိုယ်ထည်ပိုင်းရဲ့ အဖွဲ့လေးခုကို အုပ်စုနှစ်အုပ်စုသဘောထားပြီး လေ့လာရင်လည်း ရနိုင်ပါသေးတယ်။ သရုပ်ဖေါ်အဖွဲ့နဲ့ ဖြစ်စဉ်ပြအဖွဲ့ဆိုတာက သက်ရှိသက်မဲ့ ရုပ်သဏ္ဍာန်ရှိတဲ့အရာတွေအကြောင်း ဖွဲ့ဆိုတာဖြစ်လို့ ဒီနှစ်ခုကို ရုပ်အမူအယာအဖွဲ့ဆိုပြီး တစ်ခုတည်းထား လေ့လာလို့ရနိုင်သလို ဖွင့်ဆိုရှင်းပြအဖွဲ့နဲ့ ကျိုးကြောင်းပြအဖွဲ့နှစ်ခုကြတော့ ရုပ်သဏ္ဍာန်အထင်အရှားမရှိသည့်အရာတွေကို ဖွဲ့ဆိုတာဖြစ်လို့ ဒီနှစ်ခုကို သဘောတရားအဖွဲ့ဆိုပြီး အုပ်စုတစ်ခုသဘောထားလေ့လာရင်လည်း ရနိုင်ပါတယ်။

ဒီနေရာမှာ ပညာရပ်တစ်ခုအနေနှင့်သာ အခုလို အုပ်စုတွေခွဲ ပြဆိုနေတာဖြစ်ပေမယ့်လည်း အဲဒီ အဖွဲ့လေးခုဟာ စာတစ်ပုဒ်ရဲ့ ကိုယ်ထည်ပိုင်းမှာ တစ်ခုတည်းတမျိုးတည်းသာ ရေးတာမျိုး ပြောတာမျိုးဖြစ်ရမယ်လို့တော့ အတိအကျ ကန့်သတ်လို့တော့မရဘူးဆိုတဲ့အချက်ဟာ အရေးကြီးပါတယ်။ အတိုချုပ်ပြောရရင် မည်သည့် စာတစ်ပုဒ်ရဲ့ ကိုယ်ထည်ပိုင်းမဆို ရုပ်အမူအယာအဖွဲ့နဲ့ သဘောတရားအဖွဲ့ကို လိုအပ်သလို အဆင်ပြေသလို ထည့်သွင်းရေးသားလို့ရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိထားရပါလိမ့်မယ်။

ကဲ သရုပ်ဖေါ်အဖွဲ့ဆိုတဲ့ကဏ္ဍကို ဦးစွာပထမ သွားကြရအောင်ပါ။

သက်ရှိသက်မဲ့တို့ရဲ့ အကောင်အထည်ပုံသဏ္ဍာန်ကို စာဖတ်သူတွေကိုယ်တိုင် မြင်လာရလေအောင်ဖွဲ့ရတဲ့တာဝန်ဟာ သရုပ်ဖေါ်အဖွဲ့ရဲ့ အဓိက တာဝန်ပါပဲ။ ရုပ်သဏ္ဍာန်ကို မြင်သာအောင်ဖွဲ့ဆိုတဲ့အပိုင်းမှာ မျက်စိနဲ့မြင်လို့ရတဲ့ ရုပ်သဏ္ဍာန်တွေအပြင်၊ အရောင်အဆင်း အနံ့ အရွယ်ပမာဏ၊ အနီးအဝေး ဆိုတဲ့အရာတွေအားလုံး အကျုံးဝင်ပါတယ်။

သရုပ်ဖေါ်အဖွဲ့ဆိုတော့ ဘယ်လိုရေးဖွဲ့ကြရသလဲ။

မြင်ကွင်းတစ်ခုကို ဖွဲ့ရာမှာ အထက်မှအောက်၊ အောက်မှအထက်၊ အနီးမှအဝေး၊ အဝေးမှ အနီး၊ တစ်ဘက်မှတစ်ဘက်၊ တကန့်စီ ဖေါ်ပြတဲ့ဖွဲ့ဆိုမှုဆိုတာရှိပါတယ်။ ဒီလိုအဖွဲ့ကို အစိပ်အပိုင်းအရပြဆိုတဲ့ ဖြစ်စဉ်ဆိုပြီး မှတ်သားလို့ရပါတယ်။ ဒါ့အပြင် အရေးပါမှုအစဉ်အရ အရေးမပါတဲ့အစိပ်အပိုင်းတွေကို ဦးစွာပထမဖေါ်ပြပြီးမှ အဓိကကျ အရေးပါတဲ့အစိပ်အပိုင်းဆီ ဆွဲခေါ်စုစည်းစေတာမျိုးလည်း ရှိပါတယ်။ နောက်တစ်ခုကတော့ စာဖတ်သူရဲ့ စိတ်ဝင်စားမှုအစီစဉ်အရ အခြံအရံ အသိုင်းအဝိုင်းတွေကို အရင်ဦးစွာ ရေးပြီးမှ အဓိကမြင်ကွင်းဆီ ဆွဲခေါ်ဖေါ်ပြတဲ့ အဖွဲ့ဖြစ်ပါတယ်။
ဒါကတော့ စာတစ်ပုဒ်ရဲ့ကိုယ်ထည်ပိုင်းမှာ သရုပ်ဖေါ်အဖွဲ့အနွဲ့အကြောင်း ပြောခဲ့တာပါပဲ။

ကဲ ဒီကနေ့ ဒီမှာပဲ ခေတ္တရပ်နားခွင့်ပြုစေချင်ပါတယ်။ နောက်နေ့ကြမှ ဆက်လက်ဆွေးနွေးကြတာပေါ့။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly