ထိုင်းနိုင်ငံသို့ ပို့ပေးမည်ဆိုကာ အလုပ်သမား၂ဝဝကျော်ထံမှ ငွေကြေးလိမ်လည်နေသော ဂိုဏ်းအား ဖမ်းဆီး

ထိုင်းနိုင်ငံသို့ ပို့ပေးမည်ဆိုကာ အလုပ်သမား၂ဝဝကျော်ထံမှ ငွေကြေးလိမ်လည်နေသော ဂိုဏ်းအား ဖမ်းဆီး
 ဓာတ်ပုံ - MOEAF

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ။          ။ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလိုင်စင်မရှိဘဲ လိုင်စင်ရှိသယောင်ဟန်ဆောင်၍ အလုပ်သမား ၂၀၀ ကျော်ထံမှ တစ်ဦးလျှင် ကျပ်၁ဝသိန်းဝန်းကျင် လိမ်လည်ခဲ့သော ချင်းမိုင်ကုမ္ပဏီအမည်ရှိ လူလိမ်ဂိုဏ်းအား ဖမ်းဆီးနိုင်ခဲ့ကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ သိရသည်။

ယင်းကုမ္ပဏီသည် ချင်းမိုင်ကုမ္ပဏီပြည်ပအလုပ်အကိုင် အေဂျင်စီဆိုသည့် ဆိုင်းဘုတ်တပ်ကာ မြောက် ဥက္ကလာမြို့နယ်တွင် ဖွင့်လှစ်ထားပြီး အနယ်နယ်အရပ်ရပ်ရှိပွဲစားများနှင့်ပေါင်း၍ တောရွာနေ လူငယ် လူရွယ် များအား ထိုင်းနိုင်ငံသို့ ပို့ပေးမည်ဆိုပြီး လိမ်လည်နေခြင်းဖြစ်ကြောင်း MOEAF က ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ချင်းမိုင်ကုမ္ပဏီသည် Service လိုင်စင်သာရယူထားပြီး ပြည်ပအလုပ်အကိုင်လိုင်စင်မရှိဘဲ လုပ်သား စုဆောင်းခြင်း၊ငွေကြေးလိမ်လည်ကောက်ခံခြင်းများကို ဂိုဏ်းဖွဲ့၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ယင်ကဲ့သို့တစ်ဦး လျှင် ကျပ်၁ဝသိန်းဆီရယူခဲ့သော အလုပ်သမား ၂ဝဝကျော်ရှိပြီး မြဝတီမြို့တွင် ၃လကျော်အထိ နေခဲ့ကြရ ကြောင်း တချို့ကို ထားဝယ်၊ထီးခီးလမ်းမှ Border pass ဖြင့် ထိုင်းနိုင်ငံ ကချနပူရီခရိုင်သို့ ဝင်ရောက်စေကာ ဘန်ကောက်သို့တရားမဝင်နယ်ကျော်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းတို့အနေဖြင့် နယ်စပ်ကို တရားဝင်ဖြတ်ကျော်၍ ဘန်ကောက်အထိတရားမဝင်ဖြတ်ကျော်စေခဲ့ခြင်းဖြစ်ပြီး ဤသို့ တရားမဝင် ပို့ဆောင်ပေးခဲ့သောလူပေါင်း ၁ဝဝဝကျော်ရှိပြီဖြစ်ကြောင်းသိရသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ချင်းမိုင် General Serviceက လိမ်လည်ထားသော ညောင်လေးပင်မြို့တွင် နေထိုင်သော စိုးသီဟအပါအဝင် အလုပ်သမား၄၆ဦး တို့သည်မြဝတီမြို့မှ ပြန်လည်ရောက်ရှိလာပြီး MOEAF သို့လာရောက်အကူအညီတောင်းခံခဲ့သည်။ ထိုမှတဆင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ရန်ကုန်တိုင်း ရုံးသို့ ချိတ်ဆက်သွားရောက်ခဲ့ကာ ရန်ကုန်တိုင်းအ.လ.ညမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုး ဦးစီးပြီး မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)မှ အမှူဆောင် ဦးကျော် ထင်ကျော်တို့နှင့်အတူလိုအပ်သည့်စစ်ဆေးချက်များကို စိစစ်ဆောင်ရွက်ခဲ့ပြီး တရားခံများဖမ်းမိနိုင်ရေးအတွက် မြောက်ဥက္ကလာ ဝေဘာဂီရဲစခန်းတွင် အမှုဖွင့်တိုင်ကြားဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

"ဒီကလေးတွေကိုထီးခီးလမ်းကနေခိုးပို့တာတွေ့ရတယ်။ တချို့ကလေးတွေရဲ့စာအုပ်တွေမှာ work permit ရိုက်ထားတာတွေရှိတယ်လို့ ကလေးတွေကပြောတယ်။ work permitက ဘယ်ကရမှာတုံး၊ ဒါအတုပဲဖြစ်မယ်။ စစ်ကြည့်ရင်ထပ်ပေါ်မှာပဲ၊ထပ်စွဲလို့ရတယ်။ မြဝတီမှာလည်း ၃နေရာလောက်မှာ လနဲ့ချီပြီး ထားတယ်။ ဒီကောင်တွေ လိမ်တာများနေပြီ။ အမှုတွေလည်းများနေပြီ။ကျွန်တော်တို့ ဆက်တိုက်စောင့်ကြည့်ပြီး တိုင်ကြား နေတာ၊လက်ရှိလည်းအမှုဖွင့်ထားတယ်။ပထမတခေါက်၄ယောက်လာတယ်။လူကုန်တားကို တိုင်ပြီး ရှင်းပေး ပြီးပြီ။ နောက်၂ယောက်၊ နောက်ထပ်အယောက်၂ဝလာတယ်။ အဲဒီကောင်တွေကို အမှုဖွင့်တယ်။ ခု၄၆ယောက် ထပ်လာတယ် အမှုထပ်ဖွင့်ပြီ။နောက်ထပ် မြဝတီကနေပြန်လာမဲ့ အဖွဲ့တွေ ထပ်ရှိသေးတယ်လို့ သတင်း အတိ အကျထပ်ရထားတယ်။ ကျွန်တော်တို့ MOEAF အဖွဲ့နဲ့ CTUMအဖွဲ့တွေလည်းသွားနေပြီ။ ဒါကြောင့် ဒီအမှုတွေကို သေချာပေါက် အရေးယူဖို့လိုအပ်တယ်”ဟု မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ အမှုဆောင် ဦးကျော်ထင်ကျော်က ပြောသည်။

ယခုအခါ မြဝတီမြို့မှ ပြန်လည်ရောက်ရှိလာသော လူငယ်၄၆ဦးတို့အတွက် ရန်ကုန်မြို့တွင် နေရေး၊ ထိုင်ရေးကို MOEAF ကစောင့်ရှောက် ကူညီပေးလျှက်ရှိပြီး အမှုများပြီးဆုံးပါက ပြည်ပနိုင်ငံများသို့ စနစ်တကျ သက်သာစွာ သွားရောက်နိုင်ရန် MOEAFက စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။

“ဒီဟာက ဂိုဏ်းဖွဲ့ပြီးလုပ်တာဖြစ်တဲ့အတွက် အလုပ်သမားတွေအရမ်းနစ်နာတယ်။ လင်မယား၂ယောက်ဆို သိန်း၃ဝလောက်ကုန်ပြီး မြဝတီကနေ ပြန်လာရတယ်ဆိုပြီး ငိုလိုက်တာ။ထိထိရောက်ရောက် အရေးယူရမယ်။ ရဲကတော့လိုက်ဖမ်းပြီ။ ၆ယောက်မိထားပြီ။ တရားရုံးမှာ လွတ်မသွားဖို့ အရေးကြီးတယ်။ တရားသူကြီးရဲ့ စိတ်ခံစားချက်ကြောင့်တွေ ၊ဆင်ခြင်တုံတရားတွေကြောင့်တွေ ဘာတွေ ဒါမျိုးမှာမရှိသင့်ဘူး။ဒါဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူရမယ်။ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ လိုအပ်ရင် လွှတ်တော်တို့ စတဲ့အခြား အဖွဲ့အစည်းများအားနဲ့ပေါင်းပြီး တရားရေး မဏ္ဍိုင်ကို ဖိအားပေးတည့်မတ်ရမဲ့သဘောရှိတယ်။ တချို့မြဝတီက အမှုမဖွင့်ပဲ ပြန်သွားတာတွေရှိတယ်။ မြဝတီမှာလည်း သူတို့အောင်းထားတဲ့နေရာတွေရှိနေတယ်။ နယ်စပ်ကနေ လူခိုးပို့နေတဲ့ ဂိုဏ်းတွေကို MOEAFက သေသေချာချာ တိုင်ကြားပြီး ဖမ်းဆီးစေခဲ့တဲ့အမှုတွေရှိခဲ့တယ်။ တရားရုံး ရောက်တော့ တရားခံတွေကို လွှတ်ပစ်လိုက်တယ်။ ဒီတခါတော့ MOEAF အနေနဲ့ ထိထိရောက်ရောက်ကို စောင့်ကြည့်သွားပါမယ်” ဟု ဦးကျော်ထင်ကျော် မှ ဆက်ပြောသည်။

မြန်မာလူငယ်လူရွယ်များပြည်ပသို့အလုပ်သွားရောက်လုပ်ကိုင်ရန် ကြိုးစားမှုမြင့်တက်လျက်ရှိချိန်တွင် ယင်း ကဲ့သို့ အလိမ်ခံနေရမှုများ၊ ပွဲစားများ၏ ခေါင်းပုံဖြတ်ခံနေရမှုများ၊ လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်စားနေသူများ ၊ ဘာသာစကားသင်တန်းကျောင်းဖွင့်ပြီး ခိုးပို့နေသူများ စသည့် အခွင့်အရေးသမားများသည် မြို့တိုင်း ရွာတိုင်း တွင် ပြန့်နံ့ပေါက်ပွားနေပြီး သက်ဆိုင်ရာများမှ စီမံချက်ချ၍ အမြန်ဆုံးအရေးယူဆောင်ရွက်ရန် လိုအပ်နေ ကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly