လွှတ်တော်တွင် မဲများရာ အနိုင်လုပ်နေကြဟု တပ်မတော် ပြော

လွှတ်တော်တွင် မဲများရာ အနိုင်လုပ်နေကြဟု တပ်မတော် ပြော

နေပြည်တေ်(ဇန်နဝါရီ ၃ဝရက်၊ ၂၀၁၉ခုနှစ်)။       ။ NLD ဦးဆောင်သည့် လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က လေးပုံတစ်ပုံ(၂၅ရာခိုင်နှုန်း) ပါဝင်နေသော်လည်း မဲအသာဖြင့် အနိုင်ယူနေခြင်းကြောင့် မဖြစ်သင့်သည့် ကိစ္စများ ရှိနေကြောင်း တပ်မတော်ဘက်က ပြောကြားလိုက်သည်။

နေပြည်တော်တွင် ဇန်နဝါရီ ၃ဝရက်က ပြည်သူ့လွှတ်တော်အစည်းအဝေး မစတင်မီ မီဒီယာများ၏ မေးမြန်းမှုအပေါ် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

 “လွှတ်တော်ကြီးမှာလည်း ဘာပဲပြောပြော တပ်မတော်ကနေ ပါတယ်ဆိုပေမယ့် မဲများရာ အနိုင်နဲ့ လုပ်နေတာ။ မဲများရာ အနိုင်နဲ့ လုပ်နေတာ ဖြစ်တဲ့အတွက် တချို့ကိစ္စတွေက မဖြစ်သင့်တဲ့ ကိစ္စလေးတွေလည်း မဖြစ်သင့်တဲ့ ကိစ္စလေးတွေလည်း ပါသွားတာ ရှိတယ်” ဟု ဗိုလ်မှူးချုပ် မောင်မောင်က ပြောသည်။

ယမန်နေ့ ဇန်နဝါရီ ၂၉ ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အာဏာရ NLD က တင်သွင်းသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြင်ဆင်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းရန် အရေးကြီးအဆို တင်သွင်းပြီး မဲခွဲဆုံးဖြတ်မှုအပေါ် တပ်မတော်၏ သဘောထားကို အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းလည်း ဖြစ်သည်။

NLD က တင်သွင်းသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး အရေးကြီးအဆိုသည် လုပ်ထုံးလုပ်နည်းကို ကျော်လွန် လုပ်ဆောင်ခြင်းကြောင့် မဲခွဲဆုံးဖြတ်ရမည့် ကိစ္စမဟုတ်ကြောင်း တပ်မတော်ဘက်က သဘောထား တင်ပြခဲ့သည်။

သို့သော် လွှတ်တော်နာယက က အရေးကြီးအဆိုကို မဲခွဲရန် ဆုံးဖြတ်ခဲ့သည့်အတွက် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အားလုံးက မတ်တပ်ရပ်ပြီး ကန့်ကွက်ခဲ့ကြသည်။

 “ဒီအဆိုနဲ့ပတ်သက်ပြီး ကျွန်တော်တို့လည်း သဘောမတူဘူး။ အခုတော့ ဒီအဆို အတည်ဖြစ်တယ်ဆိုပြီး မဲခွဲလိုက်တယ်။ သဘော မတူတော့ ကျွန်တော်တို့ မဲမပေးဘူး” ဟု ဇန်နဝါရီ ၂၉ ရက်နေ့က လွှတ်တော်အစည်းအဝေးအပြီးတွင် ဗိုလ်မှူးချုပ်မောင်မောင်က ပြောဆိုထားသည်။

မဲရလဒ်အဖြစ် ထောက်ခံမဲ ၃၉၄မဲ၊ ကန့်ကွက်မဲ ၁ရမဲ ဖြစ်ပေါ်ခဲ့သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကော်မတီ တစ်ရပ်ဖွဲ့စည်းရန် အရေးကြီးအဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ထားသည်။

“ကျွန်တော်တို့က ဒါ ပြင်လို့မရတဲ့ ဥပဒေကြီးပဲ၊ ဘာပဲညာပဲဆိုပြီး ပြောတာ မဟုတ်ပါဘူး။ ပြင်လို့ ရပါတယ်။ ဒါပေမယ့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာက နိုင်ငံရဲ့ တစ်ကယ့် တည်တံ့ခိုင်မြဲဖို့ လုပ်ထားတဲ့ ဥပဒေ ဖြစ်တဲ့အတွက် ဒါကိုတော့ လွယ်လွယ်နဲ့ ယိုင်နဲ့မသွားအောင်တော့ ခိုင်ခိုင်မာမာ ဖြစ်အောင်တော့ လုပ်ရမတာပေါ့ဗျာ။ ဒါကြောင့်မို့လည်း လုပ်ငန်းစဉ် အဆင့်ဆင့်လေးတွေ ခိုင်ခိုင်မာမာဖြစ်အောင် လုပ်ပြီးမှ ပြင်ရမှာပေါ့” ဟု ဗိုလ်မှူးချုပ် မောင်မောင်က ပြောသည်။

ထို့ြ့ပင် ဖွဲ့စည်းပုံအခြေခံဥပဒေကို တပ်မတော် မပါဘဲ ပြင်ဆင်၍ မရကြောင်း ပြောဆိုမှုများသည် သာမန် ပြောကြားခြင်းသာဖြစ်ပြီး နိုင်ငံအတွက်၊ အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်ပါက ပြင်ဆင်၍ ရသည်ဟု ၎င်းက ဆိုသည်။

NLD အစိုးရ တက်ခါစ ၂၀၁၆ ခုနှစ်အတွင်းက လွှတ်တော်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး မဲခွဲဆုံးဖြတ်စဉ်ကလည်း တပ်မတော်အနေဖြင့် မဲမပေးခဲ့ဘဲ ထိုသို့ မဲမပေးရခြင်းမှာ ဒီမိုကရေစီ အနိုင်ကျင့်မှုကြောင့် ဖြစ်သည်ဟု ပြောဆိုခဲ့ဖူးသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly