ကန့်ကွက်မှုများရှိနေသည့် ဗိုလ်ချုပ်ကြေးရုပ် လွိုင်ကော်တွင် စိုက်ထူ

ကန့်ကွက်မှုများရှိနေသည့် ဗိုလ်ချုပ်ကြေးရုပ် လွိုင်ကော်တွင် စိုက်ထူ
photo-ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်းဘီထူး

ရန်ကုန် ၊ ဇန်နဝါရီ ၃၀ ။             ။ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိမည့်ကိစ္စအား ကန့်ကွက်နေမှုများရှိနေသော်လည်း ကယားပြည်နယ်အစိုးရက ဇန်နဝါရီ ၂၉ ရက်နေ့ နေ့လည်ပိုင်းက လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ်တုကို စိုက်ထူလိုက်ပြီ ဖြစ်သည်။

ယခုလို စိုက်ထူခြင်းသည် ပြည်နယ်အစိုးရမှ အတင်းအဓမ္မ လုပ်ဆောင်သည့်၊ ကတိမတည်သည့် လုပ်ရပ်ဖြစ်သည်ဟု ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမည့်ကိစ္စအား ကန့်ကွက်ခဲ့သည့် ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်းဘီထူးက ဆိုသည်။

“အစိုးရဘက်ကတော့ တင်းတင်းမာမာနဲ့ လုပ်သွားမယ်လို့ မထင်ခဲ့ဘူးပေါ့နော်။ အခုတော့ အစိုးရဘက်က ဘာပဲ ကန့်ကွက် ပါစေ လုပ်သွားမယ်ဆိုတဲ့သဘောဖြစ်သွားတော့ ကျွန်တော်ပြောရရင် ရွံတယ်ပေါ့နော်။ လုပ်ရက်တယ်ပေါ့နော်” ဟု ၄င်းက ဆိုသည်။

လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိမည့်ကိစ္စနှင့် ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်သည့်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ပြည်နယ်အစိုးရမှ ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း၌ ရုပ်တုဖြစ်မြောက်ရေးကော်မတီကို ဖျက်သိမ်းခဲ့သည်။

ယင်းကော်မတီသည် ပြည်နယ်အစိုးရက ကမကထပြုလုပ်ပြီး ဖွဲ့စည်းပေးထားသည့် ကော်မတီလည်း ဖြစ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုက ဒေသခံများ လူမှုရေးအဖွဲ့များပါဝင်သည့် ကော်မတီကို အသစ် ဖွဲ့စည်းပြီး ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောဆိုထားခြင်းများရှိသည်။ သို့သော်လည်း လက်ရှိအချိန်တွင် မည်သည့် ကော်မတီမှ ဖွဲ့စည်းခြင်းမရှိဘဲ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို လွိုင်ကော်မြို့တွင် စိုက်ထူနေခြင်းဖြစ်သည်။

ယင်းသို့စိုက်ထူနေခြင်းကို ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်ဦးဆောင်ပြီး ကြီးကြပ်နေသည်ဟုလည်း ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက ဆိုသည်။

“ဒီလိုယုတ်ညံ့တဲ့လုပ်ရပ်မျိုးကို ပြည်နယ်အစိုးရက ဆက်ပြီးမှ လုပ်ဆောင်မယ်ဆိုရင် သေချာတာတော့ အများစုက တုံ့ပြန်သွားဖို့အစီအစဉ်ရှိနေတယ်။ ဒါပေမယ့် ဘယ်လိုအစီအစဉ်လုပ်သွားမလဲဆိုတာတော့ မဆုံးဖြတ်နိုင်သေးဘူး” ဟု ၄င်းကဆိုသည်။

အဆိုပါကြေးရုပ်စိုက်ထူသည့် ကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။

ဗိုလ်ချုပ်ရုပ်ထုထားရှိမည့်ကိစ္စနှင့်ပတ်သက်ပြီး လွိုင်ကော်မြို့တွင် ကန့်ကွက်ဆန္ဒပြခဲ့့ခြင်းကြောင့် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် လူငယ် ၁၂ ဦး တရားစွဲဆိုခံထားရပြီး ကရင်နီသမိုင်းကြောင်းစာများ ဖြန့်ဝေခဲ့ခြင်းကြောင့် လူငယ် ၈ ဦးသည် လွိုင်ကော်၊ ဖရူဆို ၊ဒီမောဆိုး၊ ဖားဆောင်း နှင့် ဘော်လခဲမြို့နယ်တို့တွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) (ဂ) တို့ဖြင့်  တရားစွဲဆိုခံထားရသည်။

ဗိုလ်ချုပ်ရုပ်တု စိုက်ထူခြင်းကို ခန္တီးမြို့တွင်လည်း ကန့်ကွက်မှုများရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၃ ရက် က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗိုလ်ချုပ်အောင်ဆန်းရင်ပြင်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို သင်္ဘောဆေးလောင်းခံရမှု ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly