တာချီလိတ် အာခါစျေးအနီးတွင် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွား၊ တစ်ဦးသေဆုံး

တာချီလိတ် အာခါစျေးအနီးတွင် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွား၊ တစ်ဦးသေဆုံး
ဓာတ်ပုံ- Sai KhaM Boo

တာချီလိတ် ၊ ဇန်နဝါရီ ၂၉ ။               ။ တာချီလိတ်မြို့၊ ၀ိန်းကျောက်ရပ်ကွက် အာခါစျေး မီးပွိုင့်လမ်းဆုံတွင် ဇန်နဝါရီ ၂၉ ရက် မွန်းလွဲတစ်နာရီခန့်က သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း တာချီလိတ်မြို့နယ် ထွေအုပ်ရုံးမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၉ ရက် မွန်းလွဲတစ်နာရီခန့်၌ အာခါစျေး မီးပွိုင့်တွင် တပင်ရွှေထီး ဆီပန့် ပါဆက်ရပ်ကွက် တွင် နေထိုင်သော ယာဉ်မောင်း ဦးအားဖာ (၅၁)နှစ်နှင့် အမျိုးသမီး ၄ ဦးလိုက်ပါလာသော ယာဉ်အမှတ် 9G/……လင့်ခရူဇာ အဖြူရောင်ယာဉ်သည် မီးနီသဖြင့် ရပ်ထားစဉ် အပြာရောင်ဆိုင်ကယ်( နံပါတ် မမှတ်မိ )စီးနင်းလာသူ လူ(၂)ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ယာဉ်မောင်းသူနေရာတွင် ထိုင်နေသည့် ဦးအားဖာ (၅၁)နှစ်သည် ယာဘက် နံစောင်း တွင် ကျည်ဖောက်ဝင် ဒဏ်ရာ ၃ ချက်၊ ဝမ်းဗိုက် ယာဘက်တွင် ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက် ၊ ယာဘက် လက်မောင်းတွင် ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်တို့ရရှိခဲ့ပြီး တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် စဉ် မွန်းလွဲ ၁နာရီ ၂၀ ခန့်၌ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

ထိုအမှုမှ သေနတ်ဖြင့် ပစ်ခတ်သွားသူတရားခံအား တာချီလိတ်မြို့မရဲစခန်းမှ (ပ) ၅၀/ ၂၀၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ / ၁၁၄ အရ အမှုဖွင့်လှစ်ပြီး တရားခံကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း တာချီလိတ်မြို့နယ် ထွေအုပ်ရုံးမှသတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly