၂၀၁၉ခုနှစ်တွင် အောင်မြင်မှုများဆက်လက်ဖွေရှာမည့် မြန်မာကစားသမား ပုညစိုင်း

၂၀၁၉ခုနှစ်တွင် အောင်မြင်မှုများဆက်လက်ဖွေရှာမည့် မြန်မာကစားသမား ပုညစိုင်း

ပုညစိုင်းသည် ပြီးခဲ့သော ၂၀၁၈ ခုနှစ်က ပြိုင်ပွဲကြိုးဝိုင်းများအတွင်း ထူးခြားပြောင်မြောက်သော ကစားကွက်များဖြင့့် ပရိသတ်နှင့် မီဒီယာတို့၏ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့သည်။

အသက် ၂၀ အရွယ်ရှိပြီဖြစ်သော ပုညစိုင်းသည်  Bali MMA တွင် ONE အမျိုးသမီး စတောဝိတ်ကမ္ဘာ့ချန်ပီယံ Xiong Jing Nan နှင့်အတူ လေ့ကျင့်လျက်ရှိပြီး ၎င်း၏ ပွဲဦးထွက်ပြိုင်ပွဲကို Rich Franklin ကြီးမှူးသည့် ONE Warrior Series တွင် ယှဉ်ပြိုင်ခဲ့သည်။

ထိုပြိုင်ပွဲတွင် ပုညစိုင်းသည် နိုင်ငံတူကစားသမား စိုင်းဉာဏ်လင်းကို ပထမအချီမှာတင် ချုပ်ကွက်ဖြင့် အနိုင်ယူနိုင်ခဲ့သည်။ သုံးလအကြာတွင် ပုညစိုင်းသည် ပိုမိုပြတ်သားသော ပုံစံဖြင့် နီပေါကစားသမား Krishna Lal Tamang ကို ၁၄ စက္ကန့်အတွင်း အနိုင်ယူနိုင်ခဲ့သည်။

ပုညစိုင်းသည် ၂၀၁၈ ခုနှစ်မှ အောင်မြင်မှုများကို နှစ်သစ်သို့ ယူဆောင်လာနိုင်ရန် ၂၀၁၉ ခုနှစ်အစတွင်ပင် အားကစားရုံတွင် နေ့မအား ညမနား ကြိုးစားလေ့ကျင့်လျက်ရှိသည်။

“ဒီတစ်နှစ်လုံးမှာ ကျွန်တော့်ရဲ့ အစီအစဉ်က ကျွန်တော်လိုချင်တဲ့ ပန်းတိုင်ကို မရပ်မနားကြိုးစားပြီး အရှေ့ကို အဆက်မပြတ်လျှောက်လှမ်းနေဖို့ပါပဲ” ဟု ဖယ်သာဝိတ်တန်းကစားသမား ပုညစိုင်းက ဆိုသည်။

“အခု ကျွန်တော် မြေပြင်ကစားကွက်တွေမှာ ပိုပြီးကျွမ်းကျင်လာအောင် နပမ်းနဲ့ ဘရာဇီးဂျူဂျစ်ဆုကို အဓိကထားပြီး လေ့ကျင့်ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ပုညစိုင်းသည် နယူးဇီလန်တွင် မွေထိုင်းလေ့ကျင့်ခြင်းဖြင့် ကိုယ်ခံပညာကို ပထမဆုံး ထိတွေ့ခဲ့သည်။ ၎င်းသည် မြန်မာနိုင်ငံတွင် မွေးဖွားခဲ့ပြီး New Zealand နိုင်ငံ Auckland မြို့တွင် ကြီးပြင်းခဲ့သူဖြစ်သည်။

သို့သော် ၎င်းသည် မွေးရပ်မြေမှ မြန်မာလူမျိုးပရိသတ်များကို ကိုယ်စားပြု၍ ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ရခြင်းကို ဂုဏ်ယူနေသူဖြစ်ကာ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် မွေးဖွားရာဇာတိမြေတွင် ယှဉ်ပြိုင်ရန်ဆန္ဒရှိနေသည်။

“ကျွန်တော့် မိဘဆွေမျိုးတွေအပါအဝင် မြန်မာပြည်က ပရိသတ်တွေ အားပေးလို့ ဝမ်းသာရပါတယ်။ ကျွန်တော့် ဆွေမျိုးမိတ်သင်္ဂဟတွေရှေ့မှာ၊ ကျွန်တော့်မွေးရပ်မြေမှာ ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် အလွန်ကံကောင်းပါတယ်”ဟု ၎င်းက ဆိုသည်။

မကြာသေးခင်က ရရှိခဲ့သော ပြိုင်ပွဲမှတ်တမ်းများအရ ပုညစိုင်းသည် မြန်မာ့မြေတွင် ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေးသည် အကောင်အထည်ပေါ်လာတော့မည်ဖြစ်သည်။

ပုညစိုင်း၏ နောက်ထပ်ယှဉ်ပြိုင်မည့် ပွဲစဉ်ကို အတိအလင်းမကြေညာရသေးသော်လည်း ဧပြီလတွင် စင်္ကာပူနိုင်ငံ၌ ကျင်းပမည့် ONE Warrior Series ပြိုင်ပွဲကြီးတွင် ၎င်း၏ အရည်အချင်းများကို ပြသသွားချင်သည်။

ထိုအချိန်မတိိုင်ခင် ၎င်း၏ အရည်အချင်းများ တိုးတက်စေရန်် အာရုံစိုက်လေ့ကျင့်သည်။ ပုညစိုင်းသည် နေ့စဉ်လူမှုဘဝပတ်ဝန်းကျင်တွင် အားကစားလောက၌ အကောင်းဆုံးဖြစ်ရန် ကြိုးစားနေသော ကမ္ဘာ့အဆင့် ကစားသမားများနှင့် လေ့ကျင့်လျက်ရှိသည်။

 “ဘာလီရောက်ကတည်းက ကျွန်တော် စာချုပ်မချုပ်ရသေးခင်မှာတောင် ကျွန်တော် အမြဲလေ့ကျင့်နေခဲ့တာ။ ကျွန်တော်နဲ့ ရည်ရွယ်ချက်ချင်းတူတဲ့ အဖွဲ့သားတွေနဲ့ အားကစားရုံမှာ အတူလေ့ကျင့်ရတဲ့အတွက်ကြောင့် အရည်အချင်းတွေ အများကြီးတိုးတက်လာပါတယ်”ဟု ပုညစိုင်းက ပြောသည်။

ပုညစိုင်းသည် ၎င်း၏ အားကစားသမားသက်တမ်းကို ဆက်လက်လျှောက်လှမ်းရန် ခရီးအဝေးကြီး လိုအပ်သေးသော်လည်း ပရိသတ်များ၏ အာရုံစိုက်ခြင်းကို ရရှိထားပြီးဖြစ်ကာ နောက်ထပ် မည်သို့သော တိုးတက်မှုများနှင့် ကြိုးဝိုင်းအတွင်း ရောက်ရှိလာမလဲဆိုသည်ကို ရင်ခုန််စောင့်စားရပေဦးမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly