မြန်မာ- ထိုင်း နယ်စပ် မောတောင်လမ်းပိုင်း ယခုလ အကုန်တွင် ပြီးစီးမည်

မြန်မာ- ထိုင်း နယ်စပ် မောတောင်လမ်းပိုင်း ယခုလ အကုန်တွင် ပြီးစီးမည်
  ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မောတောင်၊ ဇန်နဝါရီလ (၂၉) ။          ။ တနင်္သာရီ- ထုံခါ- မောတောင် လမ်းပိုင်းမှာ ယခုလအကုန်၌ အပြီးသတ်နိုင်တော့မည် ဖြစ်ကြောင်း မြိတ်အများပိုင်ကုမ္ပဏီမှ တာဝန်ရှိသူများထံမှ သိရသည်။

မြန်မာ- ထိုင်း နယ်စပ်လမ်း ဖြစ်သည့် တနင်္သာရီ- မောတောင်လမ်းပိုင်းမှာ မြိတ်ခရိုင်၏ အဓိကအချက်အခြာ ကျသော ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကို ရည်ရွယ်ထားသော နယ်စပ်လမ်းမကြီးတစ်ခုဖြစ်ပြီး မြိတ် အများပိုင် ကော်ပရေးရှင်ကုမ္ပဏီ လိမိတက်မှ ၂၀၁၃ ခုနှစ်က စတင်ကာ ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း  လမ်းအရှည်မှာ ၄၈ မိုင်၊ ၆ ဖာလုံနှင့် အကျယ် ၂၄ ပေကို BOT စနစ်ဖြင့် ဖောက်လုပ်ခင်းကျင်းနေခြင်း ဖြစ်ကြောင်း သိရသည်။

  “ဒီလကုန်ရင်တော့ အားလုံးပြီးစီးနိုင်တော့မှာပါ။ အခုလက်ရှိ ပြီးစီးမှုက ၉၃ ရာခိုင်းနှုန်းခန့် ရှိနေပါပြီ။ ပြီးရင်တော့ ကျွန်တော်တို့ တိုးဂိတ် ၂ ခုကို ထပ်မံဆောက်လုပ် သွားမှာဖြစ်တယ်” ဟု  မြိတ်အများပိုင်း ကုမ္ပဏီလီမိတက်မှ စီမံကိန်း ဒါရိုက်တာ ဦးသန်းလွင်က ပြောသည်။

 
ထိုအပြင် လမ်းပိုင်းအားလုံး ပြီးစီးပါက တိုးဂိတ် ၂ ခုကို ထုံခါလမ်းဆုံ အလွန်ချောင်း နှစ်ပေါက် အနီးတွင်တစ် နေရာနှင့် မောတောင် အမှတ် (၁) ရပ်ကွက် ကျေးရွာ၌ တစ်နေရာ တို့ကို ဆောက်လုပ် သွားမှာဖြစ်ကြောင်း ယင်း လမ်းပိုင်းမှာ ယခင်က မြိတ်မှ မောတောင်သို့ ကား၊ ဆိုင်ကယ်များဖြင့် ခရီးသွားပါက တစ်ရက်နီးပါး အထိ သွားရောက်ရပြီး၊ လမ်းပိုင်း ပြီးစီးပါက အချိန် ၃ နာရီခန့်ဖြင့် အချိန်တိုအတွင်း ခရီးနင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

 

တနင်္သာရီ- ထုံခါ- မောတောင် လမ်းပိုင်သည်၊ ထိုင်းနိုင်ငံသို့ အဓိက ဆက်သွယ်ထားသည့် လမ်းတစ်ခု ဖြစ်ပြီး၊ အချောသတ်ပြီးပါက မြိတ်ဒေသ၏ ရေထွက်ပစ္စည်းများ တင်ပို့ခြင်းနှင့် ခရီးသွားလုပ်ငန်းများအတွက် အားကိုး ရမည့်နယ်စပ်လမ်းတစ်ခု ဖြစ်လာနိုင်ကြောင်း သိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required