မော်လမြိုင်ကမ်းနားတွင် စည်းကမ်းမဲ့အမှိုက်ပစ်သူများကို ဒေသန္တရအမိန့်ထုတ် အရေးယူမည်

မော်လမြိုင်ကမ်းနားတွင် စည်းကမ်းမဲ့အမှိုက်ပစ်သူများကို ဒေသန္တရအမိန့်ထုတ် အရေးယူမည်

မော်လမြိုင်၊ ဇန်နဝါရီ ၂၉ ။                ။ မော်လမြိုင်ကမ်းနားလမ်းတွင် စည်းကမ်းမဲ့အမှိုက်ပစ်သူများကို စည်ပင်ဥပဒေဖြင့် အရေးယူရာတွင် ထိရောက်မှုမရှိသောကြောင့် ဒေသန္တရအမိန့် ထုတ်ပြန်ကာ အရေးယူဆောင်ရွက်နိုင်ရန် စီစဉ်နေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ စည်ပင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

ယင်းကဲ့သို့ ဒေသန္တရအမိန့်ထုတ်ကာ ဒဏ်ငွေကျပ် ၃ သိန်း နှင့် ထောင်ဒဏ် တစ်လ ချမှတ်အရေးယူရန် စီစဉ်နေခြင်း ဖြစ်သည်။

" စည်ပင်ဥပဒေက ပိုက်ဆံ ၃ ၊ ၄ သောင်းလောက်နဲ့ ဆိုတော့လေ ။ ဥပဒေက သိပ်မပြင်းတော့ ပြည်သူတွေ သိပ်ဂရုမစိုက်ချင်ကြဘူး” ဟု ဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

လက်ရှိတွင် မော်လမြိုင်ကမ်းနားလမ်းတစ်လျှောက်ကို ပြန်လည်အဆင့်မြှင့်တင်သွားမည်ဖြစ်သည့်အပြင် စည်ကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား စောင့် ကြည့်ကာ အရေးယူသွားမည်ဟု ဝန်ကြီးက ဆိုသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မော်လမြိုင်ကမ်းနားလမ်းသည် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ၊ ဒေသခံများ လာရောက်လေ့ရှိကြပြီး နံနက်ပိုင်းတွင် အားကစားလိုက်စားမှုများပြုလုပ်ခြင်း၊ ညနေပိုင်းတွင် နေဝင်ချိန်ကြည့်ရှုအပန်းဖြေကြပြီး စင်ရော်ငှက်များ အစာကျွေးခြင်းတို့ဖြင့် စည်ကားလေ့ရှိသော နေရာဖြစ်သည်။

ထို့ကြောင့် အဆိုပါနေရာတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကြောင့် အနံ့အသက်ဆိုးသဖြင့် လာရောက်အပန်းဖြေကြသည့် ခရီးသွားများ စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ဒေသခံများက ပြောသည်။

" ပြည်သူတွေကလည်း ပြည်သူတွေပါပဲ ။ စည်းကမ်းလိုက်နာမှု အားနည်းတယ်။ အားလုံးတော့ မဟုတ်ဘူးပေါ့။ အမှိုက်ပုံး ထား ထားပေးတာတောင် အမှိုက်ပုံးထဲ သွားမပစ်ချင်ကြဘူး။ ညဘက် လူရှင်းတာနဲ့ မြစ်ထဲကို လွှင့်ပစ်တာပဲ။ နောက်ပြီး ညနေပိုင်းနဲ့ မနက်ပိုင်းဆို လမ်းလျှောက်ထွက်၊ အပန်းဖြေတဲ့သူတွေက ဒုက္ခရောက်တာပေါ့။ နိုင်ငံခြားသားတွေ တွေ့သွားရင် ကိုယ့်နိုင်ငံသားတွေကို အထင်သေးတာပေါ့။ဒီလိုမျိုး ထုတ်ပြန်တာက ကျွန်မတို့ ထောက်ခံတယ်။ အားပေးတယ်။ ဒါမှ စည်းကမ်းရှိလာပြီး သန့်ရှင်းသာယာလှပလာမှာပါ"ဟု မော်လမြိုင်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

မော်လမြိုင်ကမ်းနားလမ်းတွင် အမှိုက်ပုံးများ ထားရှိပေးထားသော်လည်း အမှိုက်ပုံးတွင် စွန့်ပစ်ရေးကို လူအချို့၏ ပူးပေါင်းပါဝင်မှု အားနည်းလျှက်ရှိသည့်အပြင် အမှိုက်ကား လာရောက်သိမ်းဆည်းပေးသော်လည်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ရှိနေခြင်း ဖြစ်သည်။

မည်သည့်အချိန်ကာလတွင် စတင်ထုတ်ပြန်အရေးယူသွားမည်ကို လတ်တလောတွင် မသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly