နည်းပညာခိုးယူမှု၊ ဆန်ရှင်ချိုးဖောက်မှုတွေနဲ့ ဟွာဝေးကုမ္ပဏီကို အမေရိကန် စွဲချက်တင်

နည်းပညာခိုးယူမှု၊ ဆန်ရှင်ချိုးဖောက်မှုတွေနဲ့ ဟွာဝေးကုမ္ပဏီကို အမေရိကန် စွဲချက်တင်
Photo: AFP

၀ါရှင်တန်၊ ဇန်နဝါရီ ၂၉ ။     ။ အမေရိကန် တရားရေးဝန်ကြီးဌာနဟာ တရုတ်ဆက်သွယ်ရေးနည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ ဟွာဝေးကုမ္ပဏီကို တနင်္လာနေ့မှာ စတင်အမှုဖွင့် တရားစွဲဆိုပြီ ဖြစ်ပါတယ်။

ဒီလုပ်ဆောင်မှုဟာဆိုရင် ဟွာဝေးထိပ်တန်းအရာရှိတစ်ဦးကို အမေရိကန် ဖမ်းမိန့်နဲ့ ကနေဒါမှာ ဖမ်းဆီးထားတာအပါအဝင် အင်အားကြီးနှစ်နိုင်ငံကြား တင်းမာမှုတွေကို အမေရိကန်ဖက်က မီးထိုးပေးလိုက်သလိုမျိုး ဖြစ်နေပါတယ်။

ဟွာဝေးကုမ္ပဏီ တည်ထောင်သူရဲ့ သမီးဖြစ်ပြီး ဘဏ္ဍာရေးအရာရှိချုပ်ဖြစ်သူ မန်ဝန်ကျို့နဲ့ လုပ်ငန်းကုမ္ပဏီသုံးခုကို စွဲချက် ၁၃ ချက်နဲ့ စွဲဆိုတာဖြစ်ကြောင်း တရားရေးဌာနက ထုတ်ဖော်ပြောဆိုပါတယ်။ 

အဆိုပါ လုပ်ငန်းကုမ္ပဏီ သုံးရပ်ဟာ အီရန်အပေါ်ချမှတ်ထားတဲ့ အမေရိကန်ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်မှုနဲ့ ဆက်နွယ်တယ်ဆိုပြီး စွဲချက််ဖွင့်ထားတာဖြစ်ပါတယ်။ ကနေဒါမှာ ဖမ်းဆီးခံရတဲ့ မန်ဝန်ကျို့ဟာလည်း ခုချိန်မှာ အာမခံနဲ့ ပြန်လွှတ်ပေးပြီး တရားရင်ဆိုင်ရဖို့ ရှိနေတာပါ။

မန်ဝန်ကျို့ရဲ့ အမှုအခင်းဟာ အမေရိကန်ကို ကြားခံပြီး အော့တဝါနဲ့ ပေကျင်းကြား အဓိက ထိပ်တိုက်ပဋိပက္ခတွေ ဖြစ်ပွားနေရတဲ့ အမှုလည်းပဲ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ စွဲချက်တွေမှာ T-Mobile ကုမ္ပဏီကနေ စက်ရုပ်နည်းပညာ ခိုးယူမှုနဲ့ ဟွာဝေးလက်အောက်ခံ ကုမ္ပဏီနှစ်ရပ်ကို စွဲချက် ၁၀ ချက်နဲ့ ထပ်တိုးစွဲဆိုထားလည်း ပါဝင်ပါတယ်။

“အမေရိကန် ကုမ္ပဏီတွေနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေအပေါ်မှာ ဟွာဝေးရဲ့ အရှက်မဲ့စွာ ခေါင်းပုံဖြတ် ကိုယ်ကျိုးရှာနေတဲ့ လုပ်ရပ်တွေအတွက် စွဲချက်တင်တာ ဖြစ်ပါတယ်။ ဟွာဝေးကုမ္ပဏီဟာ လွတ်လပ်ပြီး မျှတတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ စျေးကွက်ကို ခြောက်လှန့်နေတာကြောင့်လည်း ဖြစ်တယ်။”လို့ FBI ညွှန်ကြားရေးမှူး ခရစ္စတိုဖာရေးက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly