ရွေးကောက်ပွဲကတိကဝတ် ခြေ/ဥ ပြင်ဆင်ရေး NLD ကြိုးပမ်းတော့မည်

ရွေးကောက်ပွဲကတိကဝတ် ခြေ/ဥ ပြင်ဆင်ရေး NLD ကြိုးပမ်းတော့မည်

နေပြည်တော်(ဇန်နဝါရီ ၂၈ရက်၊ ၂၀၁၉ခုနှစ်)။ ။ ရွေးကောက်ပွဲ ကတိကဝတ်တစ်ခုဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အာဏရပြီး သုံးနှစ်ခန့်အကြာတွင် NLD ပါတီက စတင်ကြိုးပမ်းတော့မည် ဖြစ်သည်။

အာဏရပြီးနောက် အသံတိတ်သွားသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို မကြာခင် အကောင်အထည်ဖော်တော့မည်ဟု NLD ၏ ဒုတိယဥက္ကဋ္ဌနှင့် မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က နေပြည်တော်တွင် လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။

နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာတွင် ဇန်နဝါရီလ ၂၈ရက်က ဝန်ကြီးချုပ်များနှင့် လွှတ်တော်အမတ်များ ၁ဝမိနစ်ခန့်ကြာ တွေ့ဆုံခဲ့သည့် တံခါးပိတ် အစည်းအဝေးတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်း မကြာခင် လုပ်ဆောင်တော့မည်ဟု ဒေါက်တာဇော်မြင့်မောင်က ပြောဆိုသွားခြင်း ဖြစ်သည်။

လာမည့် ရက်ပိုင်းအတွင်း ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အဆိုတင်သွင်းမည်ဖြစ်ပြီး အဆိုတင်မည့် လွှတ်တော်အမတ်နှင့် ယင်းအဆိုကို ထောက်ခံမည့် အမတ်တို့ကို ရွေးချယ်ထားပြီးဖြစ်သည်ဟု လွှတ်တော်အမတ် အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်း မစတင်ခင် အမှားအယွင်းမရှိစေရန်နှင့် ပြဿနာ တစ်စုံတစ်ရာ မပေါ်ပေါက်စေရန် မီဒီယာများကို ဖြေကြားခြင်း မပြုရန်လည်း ပိတ်ပင်ထားသည်။

တွေ့ဆုံပွဲသို့ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်အားလုံး တက်ရောက်သလို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဦးဉာဏ်ဝင်း၊ ဒေါက်တာမျိုးညွှန်တို့လည်း တက်ရောက်ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly